တာချီလိတ်မြို့ ဟုန်ပန်းတိုက်တန်းတွင် ဖမ်းမိသည့် အထောက်အထားမဲ့ နိုင်ငံခြားသားအဖွဲ့ထဲက  ဗီယက်နမ်နိုင်ငံသူ (၅)ဦးတွင်  Covid-19 ပိုးတွေ့

တာချီလိတ်မြို့ ဟုန်ပန်းတိုက်တန်းတွင် ဖမ်းမိသည့် အထောက်အထားမဲ့ နိုင်ငံခြားသားအဖွဲ့ထဲက  ဗီယက်နမ်နိုင်ငံသူ (၅)ဦးတွင်  Covid-19 ပိုးတွေ့

တာချီလိတ်မြို့ရှိ ဟုန်ပန်းတိုက်တန်းအတွင်း ဖမ်းဆီးရမိသည့် ဗီယက်နမ်နိုင်ငံသားများပါဝင်သည့် (၃၁)ဦး အဖွဲ့အား Covid-19 စစ်ဆေးရာ ဗီယက်နမ်နိုင်ငံသူ(၅)ဦးတွင် Covid-19 ကူးစက်ခံထားရသည်ကိုတွေ့ရကြောင်း သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ဟုန်ပန်းတိုက်တန်းတွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က သတင်းအရဟုဆိုကာ ဝင်ရောက် ရှာဖွေ ဖမ်းဆီးရာမှ ဗီယက်နမ်နိုင်ငံသူ/သား (၂၇)ဦး၊ တရုတ်နိုင်ငံသား (၁)ဦး နှင့် မြန်မာနိုင်ငံသား (၃)ဦး စုစုပေါင်း (၃၁)ဦး ကို ဖမ်းဆီးရမိပြီး ဗီယက်နမ်နိုင်ငံသူ/သား (၂၆)ဦးမှာ ပတ်စပိုစ့် ဗီဇာ အထောက်အထားမရှိကြောင်း သိရသည်။

၎င်းတို့အား စက်တင်ဘာလ(၈)ရက်နေ့က Covid-19 စစ်ဆေးရာ (၃၁)ဦးအနက် (၅)ဦးတွင် Covid-19 ပိုးတွေ့ရှိရ၍ ပိုးတွေ့(၅)ဦးကို တာချီလိတ်ခရိုင်မိုးလုံလေလုံအားကစားရုံတွင် ဖွင့်လှစ်ထားရှိသည့် Covid-19 စင်တာတွင် ထားရှိကြောင်း သိရသည်။ 

ဖမ်းဆီးသည့်နေ့တွင် တာချီလိတ်မြို့နယ် ဟောင်လိတ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သန်းဝင်းနိုင် နှင့် တပ်ဖွဲ့ဝင်များ တာချီလိတ်လူကုန်တား ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့်အတွက် ၎င်းတို့သည် Covid-19 ပိုးကူးစက်ခံရသူများနှင့် ထိတွေ့မှုရှိ၍ Covid-19 သတ်မှတ်ချက်များနှင့်အညီ  သီးသန့်သွားလာကန့်သတ်ခြင်း (၁၁)ရက် နေထိုင်ခြင်းကို လိုက်နာခြင်း ရှိ မရှိကိုတော့ မသိရပါ။

လက်ရှိတွင် ဖမ်းဆီးရမိသူများအား လူကုန်တားနှင့်လဝက တို့က စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။ 

#TachileikNewsAgency