ဖယ်ခုံမြို့တွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်း တပ်ဖွဲ့ဝင် (၅)ဦးသေဆုံးသွားသည့်အတွက် အာဏာသိမ်းစစ်တပ်က အရပ်သား (၂)ဦးကို ပစ်သတ်

ဖယ်ခုံမြို့တွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်း တပ်ဖွဲ့ဝင် (၅)ဦးသေဆုံးသွားသည့်အတွက် အာဏာသိမ်းစစ်တပ်က အရပ်သား (၂)ဦးကို ပစ်သတ်
စက်တင်ဘာ 8, 2021 | ရှမ်းတောင်

ရှမ်းပြယ်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်း တပ်ဖွဲ့ဝင် (၅) ယောက်သေဆုံးသွားသည့် အာဏာသိမ်းစစ်တပ်က လမ်းတွင် ဆိုင်ကယ်စီးလာသည့် အရပ်သား (၂) ဦးကို ပစ်သတ်လိုက်ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ရွာအဝင်တွင် စစ်ကြောင်းချီနေသော အာဏာသိမ်း စစ်ကောင်စီတပ်ကို ဖယ်ခုံအခြေစိုက် KNDF တပ်ရင်းနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့မှ နံနက် (၉း၀၀) နာရီဝန်းကျင်တွင်  မိုင်းဆွဲတိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ (၂၅) မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း အာဏာသိမ်းတပ်ဘက်မှ (၅) ဦး သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲအပြီး အာဏာသိမ်းစစ်တပ်က လမ်းတွင် ဆိုင်ကယ်စီးလာသည့် အရပ်သားနှစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု KNDF က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းဖြင့် တပ်စွဲထားသည့် ဒီမော့ဆိုရဲစခန်းတွင် စက်တင်ဘာလ (၇) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်မှစ၍ နှစ်နာရီကြာ ပစ်ခတ်တိုက်ခိုက်မှုတွင်လည်း အာဏာသိမ်းတပ်ဘက်မှ သေဆုံးမှုရှိသည်ဟု သိရသည်။

ရဲစခန်းပစ်ခတ်မှုအတွင်း KNDF ဘက်မှ ကျဆုံးသူမရှိသော်လည်း အာဏာသိမ်းစစ်တပ်က မြို့တွင်းဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီမော့ဆိုမြို့တွင်းမှ နေအိမ်အချို့ ထိမှန်ပျက်စီးသွားကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ဒေါပိုးစီနှင့် စံပြ (၆) ကျေးရွာတွင် တပ်စွဲထားသော အာဏာသိမ်းစစ်တပ်က ယမန်နေ့က နေအိမ်များကို ဖောက်ထွင်းခြင်း၊ မီးတင်ရှို့ခြင်းများကိုလည်း လုပ်ခဲ့သည်ဟု သိရသည်။