ဖရူဆိုမြို့တွင် ဖျားနာပြီးအသက်ရှုရခက်ကာ သေဆုံးသွားသူတစ်ဦးထံတွင် COVID 19 ပိုးတွေ့

Photo: ရွှေလွိုင်ကော် ပရဟိတအသင်း
Photo: ရွှေလွိုင်ကော် ပရဟိတအသင်း
ဖရူဆိုမြို့တွင် ဖျားနာပြီးအသက်ရှုရခက်ကာ သေဆုံးသွားသူတစ်ဦးထံတွင် COVID 19 ပိုးတွေ့
ဇူလိုင် 11, 2021 | Covid-19| ကယား

ဖရူဆိုမြို့တွင် ဖျားနာပြီးအသက်ရှုရခက်ကာ သေဆုံးသွားသူတစ်ဦးထံတွင် COVID 19 ပိုးတွေ့

ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ဖျားနာ၍အသက်ရှုရခက်နေသူ (၁) ဦးမှာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် သေဆုံးသွားပြီးနောက် စစ်ဆေးရာ COVID 19 ကူးစက်ခံထားရသည်ကို တွေ့ရကြောင်း သိရသည်။

ဖရူဆိုမြို့တွင် ဖျားနာ၍အသက်ရှုရခက်နေသူ (၂) ဦးကို ရွှေလွိုင်ကော်ပရိတအသင်းက သွားရောက်ခေါ်ဆောင်စဥ် (၁) ဦးမှာသေဆုံးသွားခြင်းဖြစ်ပြီး ဖရူဆိုမြို့နယ်ဆေးရုံ၌ အဆိုပါ သေဆုံးသူကို စစ်ဆေးရာ ပိုးကူးစက်ခံထားရသည်ကို တွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

ကျွန်တော်တို့ သွားရောက်ခေါ်ဆောင်တဲ့ ဖျားနာ၊ အသက်ရှူကြပ်၊ မောပန်း လူနာ(၂)ဦးထဲက တစ်ဦးမှာ သေဆုံးသွားပါသဖြင့် ဖရူဆိုဆေးရုံသို့ အသင်းမှ ဆက်လက်ပို့ဆောင်ပြီး ဆေးစစ်ရာ Positive ပိုးတွေ့ရှိပါသည်။ ကျန်လူနာတစ်ဦးကိုလည်း ဖရူဆိုဆေးရုံမှာ သံသယလူနာအဖြစ် ထားရှိပါသည်။

ဟု ရွှေလွိုင်ကော် ပရဟိတအသင်း၏ facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ဖျားနာ၍ အသက်ရှုရခက်နေသော လူနာ (၂) ဦးတွင် (၁) ဦးမှာသေဆုံး၍ ပိုးတွေ့ရှိခဲ့ပြီး ကျန် (၁) ဦးမှာ ဖရူဆိုမြို့နယ်ဆေးရုံတွင် သံသယလူနာအဖြစ်ထားရှိကာ စစ်ဆေးရန် လုပ်ဆောင်နေကြောင်း သိရသည်။

ပိုးတွေ့ရှိသူမှာ ဖရုဆိုမြို့နယ် ထီးတရဲရပ်ကွက်တွင်နေထိုင်၍ ဝက်သားအရောင်းဒိုင်လုပ်ငန်း လုပ်ကိုင်သူ ဖြစ်၍ ၎င်းမှတစ်ဆင့် ထိတွေ့သူများပြားနိုင်ပြီး တိုက်ရိုက်ထိတွေ့ခဲ့သည့် မိသားစုဝင်များအား အသွားလာကန့်သက်၍ စစ်ဆေးရန်လုပ်ဆောင်နေကြောင်းသိရသည်။

သူက ဝက်ဒိုင်ဆိုတော့ ပိုဆိုးတာပေါ့ ။ မနေ့ကဆို ဖရူဆိုဈေးနေ့ပေါ့လေ။ ဈေးဝယ်တဲ့သူတွေနဲ့ သူ့မိသားစုဝင်တွေ တစ်နည်းမဟုတ်တစ်နည်း ထိတွေ့မိတဲ့သူတွေတော့ များနိုင်တယ်။ အခြေနေကတော့ စိုးရိမ်ရတယ်။

ဟု ဖရုဆိုမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ထိ COVID 19 အတည်ပြုလူနာပေါင်း ( ၁၁၂)ဦး တွေ့ရှိခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ဇွန်လမှစ၍ ဇူလိုင်လ (၁၁) ရက်နေ့ နေ့လည်ပိုင်းအထိ COVID-19 အတည်ပြုလူနာတွေ့ရှိသူ (၅၄) ဦး တွေ့ရသည့်အနက် သေဆုံးသူ (၃)ဦးရှိ​ ပြီဖြစ်ကြောင်း သိရသည်။