တာချီလိတ်မြို့တွင် အမျိုးသား(၈)ဦးကို  ညမထွက်ရအမိန့် ချိုးဖောက်သည်ဟုဆိုကာ ဖမ်းဆီး အရေးယူ

တာချီလိတ်မြို့တွင် အမျိုးသား(၈)ဦးကို  ညမထွက်ရအမိန့် ချိုးဖောက်သည်ဟုဆိုကာ ဖမ်းဆီး အရေးယူ

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ချိုးဖောက်သည်ဟုဆိုကာ အမျိုးသား(၈)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အမှုဖွင့်ထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူ (၈)ဦးမှာ ရန်အောင်မြေရပ်ကွက်မှ (၄)ဦး၊ ဝမ်ကောင်းရပ်ကွက်မှ (၂)ဦး၊ ဝိန်းကျောက်မှ (၁)ဦး၊ ပါဆတ်ရပ်ကွက်မှ (၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။

၎င်းတို့အား ၂၀၂၁ခုနှစ် ဩဂုတ်လ(၆)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း ရွှေဘူးသီးဟိုတယ်ရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ညပိုင်းထွက်လာသူများကို စစ်ဆေးပြီး ညမထွက်ရအမိန့်အား ချိုးဖောက်သည်ဟုဆိုကာ ဖမ်းဆီးကာ ရဲစခန်းသို့ ခေါ်ယူထိန်းသိမ်းလိုက်ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

တာချီလိတ်မြို့တွင် ယခင်ကာလများက ညမထွက်ရ အမိန့် ချိုးဖောက်သူများကို ထောင်ဒဏ်(၁)လအမိန့်ချပြီး ကျိုင်းတုံထောင်သို့ ပို့ဆောင်သည်များ ပြုလုပ်ခဲ့ကြပြီး ညမထွက်ရ ဖမ်းဆီးခြင်းအနေဖြင့် ယခု ဖမ်းဆီးမှုမတိုင်မီ ရန်အောင်မြေရပ်ကွက်အတွင်း ဇူလိုင်လ(၁၀)ရက်နေ့အထိ ဖွင့်လှစ်ထားသည့် KTV တွင် ဇူလိုင်လ(၁၀)ရက်နေ့ ည(၁၁)နာရီဝန်းကျင်အချိန်က ရေကြောင်းရဲအပါအဝင် အခြားဌာနများမှ ဝန်ထမ်းများ နှင့် KTV ဆိုင်မှ အမျိုးသမီးဝန်ထမ်း စုစုပေါင်း (၂၀)ကျော်ကို ဖမ်းဆီးပြီး ညမထွက်ရအမိန့်ချိုးဖောက်မှုဖြင့် အရေးယူခဲ့ကြောင်းလည်း သိရသည်။

ထိုသို့အရေးယူရာတွင် ဇူလိုင်လ(၁၄)ရက်နေ့ဝန်းကျင်တွင် ပြစ်ဒဏ်အဖြစ် ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့်  ဖမ်းမိသည့် ဝန်ထမ်းများကို  ဒဏ်ငွေကျပ်ငွေ (၅၀,၀၀၀)သာ သတ်မှတ်ပြီး အမျိုးသမီးများကို ထောင်ဒဏ်(၁)လစီ သတ်မှတ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

တာချီလိတ်မြို့တွင် ညမထွက်ရ အမိန့်အဖြစ် ည(၈)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်ထားသည်ဟုဆိုသော်လည်း ရဲတပ်ဖွဲ့က အမှုလိုအပ်၍ ဖမ်းချင်သည့်အချိန်မှ ထဖမ်းသည်ဟု ဒေသခံများက ဆိုသည်။