ဟိုပုံးကိုရင်လေး ပျံလွန်တော်မူသွားသည့် အတွက် ဝမ်းနည်းကြောင်း PNO ထုတ်ပြန်

ဟိုပုံးကိုရင်လေး ပျံလွန်တော်မူသွားသည့် အတွက် ဝမ်းနည်းကြောင်း PNO ထုတ်ပြန်
စက်တင်ဘာ 2, 2021 | Covid-19| ရှမ်းတောင်
By Tachileik News Agency

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံခုတ်ကျေးရွာအုပ်စု၊ ဟိုတိကျေးရွာရှိ ဟိုပုံးကိုရင်လေးကျောင်းမှ ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)သည် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့ နံနက်(၁၁)နာရီ(၄၅)မိနစ်အချိန်က ပျံလွန်တော်မူသွားသည့်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)က ဝမ်းနည်းကြောင်း ယနေ့ စက်တင်ဘာလ(၂)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ဒေသအတွင်း ဟိုပုံးကိုရင်လေး ဦးဆောင်ပြီး ဘုရားကျောင်းကန်များ၊ စေတီပုထိုးများတည်ထားခြင်း သာသနာအကျိုးများစွာသယ်ပိုးခြင်းများ လုပ်ဆောင်ခဲ့သည့် ဆရာတော်မြတ်တစ်ပါးဖြစ်သည့်အတွက် ယခုလို ပျံလွန်တော်မှုသွားသည့်အတွက်ကြောင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ လွန်စွာ စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ဟိုပုံးကိုရင်လေး(ရှင်ပေါရိဿ)သည် Covid-19 ကူးစက်ခံထားရပြီး ကျောင်းတိုက်တွင် ပျံလွန်တော်မူသွားသည့်အတွက် စက်တင်ဘာလ(၁)ရက်နေ့ နေ့လည်ကတည်းက အန္တိမဈာပန ကျင်းပရန် ထင်ပုံထားပြီး ညပိုင်းအထိ ဆက်လက်ပြင်ဆင်ထားသော်လည်း အာဏာသိမ်းစစ်ကောင်စီဝင်များ၊ စစ်တပ်များနှင့် ပြည်နယ်အဆင့်အာဏာပိုင်များက ဆရာတော်၏ ဒကာ၊ဒကာမများဖြင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ည (၉)နာရီခွဲဝန်းကျင်အထိ ပြုလုပ်ခဲ့ကြပြီး ယနေ့ မီးပူဇော်မည့် အန္တိမဈာပနအတွက် ညှိနှိုင်းမရဖြစ်ပြီး ရက်ရွှေ့လိုက်ကြောင်း သိရသည်။

ယနေ့ နံနက်တွင်လည်း နေပြည်တော်မှ အာဏာသိမ်းစစ်ကောင်စီ၏ တပ်ပိုင်းဆိုင်ရာအချို့လည်း ပြည်နယ်အဆင့်အာဏာပိုင်များနှင့်အတူ ကျောင်းတိုက်သို့ သွားရောက်ကြောင်း သိရသည်။

ဟိုပုံးကိုရင်လေးကျောင်းနှင့် ဟိုတိကျေးရွာကိုလည်း COVID-19 ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက local semi – lockdown သတ်မှတ်ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်ဟု သိရသည်။

 

ဆက်စပ်သတင်း

COVID-19 ဖြင့် ပျံလွန်တော်မူသည့် ဟိုပုံးကိုရင်လေး၏ အန္တိမဈာပန ညတွင်းချင်းပြုလုပ်ရန် ညှိနှိုင်း မရ