ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းအားလုံး (၁၄) ရက် quarantine ဝင်ပြီး ကိုဗစ် စစ်ဆေးရမည်

ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းအားလုံး (၁၄) ရက် quarantine ဝင်ပြီး ကိုဗစ် စစ်ဆေးရမည်
ဇန်နဝါရီ 7, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းအားလုံး (၁၄) ရက် quarantine ဝင်ပြီး COVID 19 စစ်ဆေးကြရမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် ပြည်နယ် COVID 19 ကော်မတီက သတ်မှတ်ထားသည်။

ရှမ်းပြည်နယ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည့် နိုင်ငံ့ဝန်ထမ်း အရာထမ်း၊ အမှုထမ်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် COVID 19 စစ်ဆေးထားပြီး ပိုးမရှိကြောင်း ထောက်ခံချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ quarantine (၁၄) ရက်နေထိုင်၍ COVID 19 စစ်ဆေးကြရမည်ဖြစ်ကြောင်း သိရသည်။

“အခု ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထွက်ထားတဲ့စာအရဆိုရင် လေယာဉ်နဲ့လာတာပဲဖြစ်ဖြစ်၊ ကားနဲ့လာတာဖြစ်ဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေဆိုရင် quarantine (၁၄) ရက်နေရမယ်။ နိုင်ငံခြားသွားမယ့်သူတွေရယ်၊ လေယာဉ်စီးသူတွေရယ်၊ ကားသမားတွေရယ်ကလွဲလို့ ဓာတ်ခွဲနမူနာစစ်ဆေးခ ကောက်ခံဖို့ သတ်မှတ်ထားတာတော့ မရှိပါဘူး”ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၇) ရက်နေ့၌ ပြောသည်။

ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် facility quarantine ဝင်ခြင်းကို မိမိစရိတ်ဖြင့် ကျခံနေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

“facility quarantine ကတော့ အားလုံးအတူတူပါပဲ။ ကိုယ့်ဘာသာ စရိတ်ကျခံရမှာပါ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

ပြည်နယ်အတွင်း ပြောင်းရွှေ့တာဝန်ဖြင့် လာရောက်မည့် နိုင်ငံဝန်ထမ်းများ quarantine ဝင်ခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဇန်နဝါရီလ (၅)ရက်နေ့၌ ကျင်းပသည့်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ပြည်နယ်အတွင်း ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။