မုံးကိုးဒေသအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို MNDAA တစ်ဖွဲ့တည်းကသာ အထိနာသွားသည်အထိ တိုက်ခိုက်ခဲ့

၂၈.၈.၂၀၂၁ ရက်နေ့က MNDAA မှ သိမ်းဆည်းရမိခဲ့သည့် အာဏာသိမ်းစစ်တပ်၏ စစ်သုံးပစ္စည်းများ ၊                 Photo:The Kokang
၂၈.၈.၂၀၂၁ ရက်နေ့က MNDAA မှ သိမ်းဆည်းရမိခဲ့သည့် အာဏာသိမ်းစစ်တပ်၏ စစ်သုံးပစ္စည်းများ ၊ Photo:The Kokang
မုံးကိုးဒေသအတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို MNDAA တစ်ဖွဲ့တည်းကသာ အထိနာသွားသည်အထိ တိုက်ခိုက်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊  မုံးကိုးဒေသအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့်ဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို MNDAA ကသာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအခြား လက်နက်ကိုင် အဖွဲ့အစည်းများ မပါဝင်ကြောင်း ကိုးကန့်သတင်းက ဖော်ပြထားသည်ကို တွေ့ရသည်။

"MNDAA နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အခြားအဖွဲ့အစည်းများ ပါဝင်ကူညီနေသည်ဟု တစ်ချို့မီဒီယာများက ရေးသားဖော်ပြနေပါသည်။ မိမိတို့မီဒီယာ၏ စုံစမ်းမှုအရ ဤတိုက်ပွဲတွင် အခြားအဖွဲ့အစည်းများ ပါဝင်ကူညီခြင်း လုံးဝမရှိခဲ့ပေ။ MNDAA နှင့် မုံးကိုးခရိုင်ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။"ဟု ကိုးကန့်သတင်းက ဖော်ပြထားခြင်း ဖြစ်သည်။ 

 

တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ မုံးကိုးဒေသအတွင်း ကွန်းလုံရွာ မှ ရှမန်ခုံရွာသစ်ဘက်သို့ အာဏာသိမ်းစစ်ကောင်စီ၏ ခလရ(၂၃၀)တပ်ရင်း အပါအဝင် အင်အား(၁၃၀)ဝန်းကျင်သည် ထိုးစစ်ဆင်လာကြောင်း သိရသည့်အတွက် MNDAA က ဩဂုတ်လ(၂၈)ရက်နေ့ နံနက်(၁၀)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က  ကြားဖြတ်တိုက်ခိုက်ရာမှ (၁၀)မိနစ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် MNDAA က ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေ့လည် (၂)နာရီခွဲဝန်းကျင်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ကုန်းလျှံရွာဘက်သို့  တက်လာသည့်အတွက် MNDAA က ညနေ(၃)နာရီ (၅၇)မိနစ်မှစ၍ ထပ်မံကြားဖြတ်တိုက်ခိုက်ရာ ည(၇)နာရီအချိန်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည့်အတွက် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ဩဂုတ်လ(၂၈)ရက်နေ့၏ တစ်နေ့တာအတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီဘက်က အနည်းဆုံး (၅)ဦးသေဆုံးခဲ့ပြီး (၂၀)ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကိုလည်း MNDAA က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 ဩဂုတ်လ(၂၆)ရက်နေ့ကလည်း MNDAA ၏ Covid-19 ကြိုတင်ကာကွယ်ရေးထိန်းချုပ်ရေးပြန်ကြားရေးအဖွဲ့နှင့်  စစ်ကောင်စီ၏ တပ်မ(၉၉)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အနည်းဆုံး (၄)ဦး သေဆုံးပြီး ဒဏ်ရာရရှိမှုများလည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။