စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူများကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး နောက်ကွယ်က လှုံ့ဆော်နေသူများကို ဖော်ထုတ်နေကြောင်း TBC အစည်းအဝေးတွင် ထိုင်းဘက်သို့ တင်ပြ

စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူများကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး နောက်ကွယ်က လှုံ့ဆော်နေသူများကို ဖော်ထုတ်နေကြောင်း TBC အစည်းအဝေးတွင် ထိုင်းဘက်သို့ တင်ပြ
မတ် 24, 2021 | ရှမ်းရှေ့

မြန်မာနိုင်ငံအနေဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ဆူပူအကြမ်းဖက် ဆန္ဒပြသူများကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မတ်လ(၂၂)ရက်နေ့က ပြုလုပ်သည့် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)၏ အလွတ်သဘောအစည်းအဝေးတွင် မြန်မာဘက်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ဆူပူအကြမ်းဖက် ဆန္ဒပြသူများကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပြီး ဆန္ဒပြသူများအား နောက်ကွယ်ကနေ လှုံ့ဆော်နေသည့် အဖွဲ့အစည်းများကို ဆက်လက်ဖော်ထုတ်နေလျက်ရှိကြောင်း   မြန်မာဘက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)၏ အလွတ်သဘောဆွေးနွေးပွဲကို ၂၀၂၁ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မယ်ခေါင်ဒယ်လ်တာဘွတ်တစ်ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်က အမှတ်(၃) လှုပ်ရှားယန္တရားတပ် ဗျူဟာမှူး၊ ထိုင်း-မြန်မာ နယ်ခြားကော်မတီ (မယ်ဆိုင်) ဥက္ကဌ ဗိုလ်မှူးကြီး ဆမ်ရစ် ချတ်ဝပ်ထနား စကူလ် နှင့် အဖွဲ့ဝင်များ၊ မြန်မာဘက်က  စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်)မှ ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဖေသက်သန်းနှင့် အဖွဲ့က တွေ့ဆုံကာ အလွတ်သဘော ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။