မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့် ကာလအတွင်း တရုတ် - မြန်မာ - အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ် စတင်

မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့် ကာလအတွင်း တရုတ် - မြန်မာ - အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ် စတင်

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားသည့်ကာလအတွင်း တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ် စတင်လိုက်ပြီး ပထဆုံးအသုတ်အဖြစ် ရန်ကုန်ဆိပ်ကမ်းမှ ပို့ဆောင်လိုက်သည့် တတိယနိုင်ငံမှ ကုန်ပစ္စည်းကွန်တိန်နာများ တရုတ်နိုင်ငံ ချန်တူးမြို့သို့ ၂၀၂၁ ခုနှစ် ၊ ဩဂုတ်လကုန်ပိုင်းတွင် ရောက်မည်ဟု သိရသည်။

 တရုတ်(ယူနန်) - မြန်မာ(ရန်ကုန်) - အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း - ကားလမ်း - ရထားလမ်း ပူးတွဲပို့ဆောင်မှုလမ်းကြောင်းသစ်ကို စတင်လိုက်ခြင်းဖြစ်ပြီး ပထမဆုံးအသုတ်ဖြစ်သည့် တတိယနိုင်ငံမှ ကုန်ပစ္စည်းကွန်တိန်နာများကို ရန်ကုန်ဆိပ်ကမ်းမှ ချင်းရွှေဟော်နယ်စပ်ဂိတ်သို့ ပို့ဆောင်ခဲ့ကာ တရုတ်နိုင်ငံ ချန်တူးမြို့သို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu က  ဩဂုတ်လ (၂၆) ရက်နေ့က ဒုတိယအကြိမ် တရုတ် (လင်ချန်း) - မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားတွင် ထုတ်ဖေါ်ပြောကြားထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၊ ချင်းရွှေဟော်မြို့ တစ်ဖက်ရှိ တရုတ်နိုင်ငံ လင်ချန်း (Lincang) တွင် ဩဂုတ်လ (၂၅) ရက်နေ့က တရုတ် - မြန်မာ မီးရထားလမ်းကြောင်းသစ်ဖွင့်ပွဲကို လုပ်ဆောင်ခဲ့သည်ကိုတွေ့ရပြီး COVID 19 ကြောင့် နယ်စပ်ပိတ်ထားသည့် ကာလအတွင်း ဩဂုတ်လ (၂၆) ရက်နေ့မှစ၍ ဒုတိယအကြိမ် တရုတ် (လင်ချန်း) - မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲကို (၅) ရက်တာပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ချိန်တွင် ပြည်သူများ၏ ဆန္ဒကိုလေးစားရန် နိုင်ငံအသီးသီးက တိုက်တွန်းခဲ့ကြသော်လည်း အိမ်နီးချင်း တရုတ်နိုင်ငံက နှုတ်ဆိတ်နေခဲ့သည့်အတွက် အာဏာသိမ်းစစ်တပ်ကို ဆန္ဒပြသည့် မြန်မာပြည်သူများက တရုတ်နိုင်ငံအစိုးရ၏ ရပ်တည်မှုကိုပါ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

#TachileikNewsAgency