ကျောက်မဲတွင် စရဖ နှင့် ရဲက အကြောင်းပြချက်မရှိဘဲ (၁၇) နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုနှင့် ဆက်သွယ်ခွင့် မပေး

ကျောက်မဲတွင် စရဖ နှင့် ရဲက အကြောင်းပြချက်မရှိဘဲ (၁၇) နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုနှင့် ဆက်သွယ်ခွင့် မပေး
သြဂုတ် 24, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း ) ကျောက်မဲမြို့ တွင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ( ၂၄ ) ရက် နံနက်အစောပိုင်းက အာဏာသိမ်းအဖွဲ့၏ စရဖနှင့် ရဲတပ်ဖွဲ့ တို့က နေအိမ်ကိုဝင်ရောက်ရှာဖွေမှုပြီးနောက် အကြောင်းပြချက်မရှိဘဲ အသက် (၁၇) နှစ်အရွယ်လူငယ်ကို ဖမ်းခေါ်သွားပြီး မိသားစုနှင့် ဆက်သွယ်ခွင့်မပေးဘဲ ထိန်းသိမ်းထားသည်ဟု သိရသည်။

အဲဒီ ကောင်လေးက (၁၇) နှစ်ပဲရှိသေးတယ်။ ရဲက ( ၂) ယောက်၊ စရဖက (၆) ယောက် အရပ်ဝတ်တွေနဲ့လာပြီး ဖမ်းခေါ်သွားတာပဲ။ အခုချိန်ထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ သိရတယ်

ဟု ဖမ်းဆီးမှုဖြစ်စဉ်ကို သိရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့  အမှတ် ( ၁ )ရပ်ကွက်၊ နယ်မြေ (၃ ) စည်ပင်ဝန်ထမ်းတန်းလျားအနီးရှိ နေအိမ်ကို နံနက် (၄) နာရီဝန်းကျင်က အာဏာသိမ်းအဖွဲ့၏ စရဖနှင့်ရဲများက  အရပ်ဝတ်များဖြင့် ဝင်ရောက်ရှာဖွေခဲ့ပြီး ရှာဖွေမှုအတွင်း သံသယဖြစ်ဖွယ်မည်သည့်ပစ္စည်းကိုမှ မတွေ့ရကြောင်းလည်း သိရသည်။

လက်ရှိတွင် အသက် ( ၁၇ )နှစ် အရွယ် ၁၀ တန်းကျောင်းသား မောင်ကောင်းထက်မင်းကို မည်သည့်နေရာတွင် မည်သည့်အတွက် ထိန်းသိမ်းထားသည်ကို မိသားစုကို အသိပေးထားခြင်းမရှိကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့၏ စရဖနှင့် ရဲတို့က ဩဂုတ်လ ( ၂၃ )ရက် ညပိုင်းနှင့် ( ၂၄ )ရက် နံနက်အစောပိုင်းတို့တွင် အရပ်ဝတ်များဖြင့် ကျောက်မဲမြို့ အမှတ် ( ၈ )ရပ်ကွက်၊ ထုံးဖိုရပ်၊ အမှတ်( ၉ ) ရပ်ကွက် တိလင်ရပ်၊ အမှတ် ( ၆ )ရပ်ကွက် နှင့် အမှတ် ( ၁ )ရပ်ကွက်တို့မှ နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က  ဇူလိုင်လအတွင်းကလည်း အလားတူ နေအိမ်များကိုဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများကို ညစဉ်ညတိုင်း ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး လူငယ်အမျိုးသားအချို့မှာ မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးမှန်းမသိ အဖမ်းခံရကာ နောက်ပိုင်းမှ ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခြင်းများရှိခဲ့သည်ကိုလည်း တွေ့ရသည်။

ယင်းအပြင် ကျောက်မဲမှ လူငယ်အချို့မှာ မည်သည့်လှုပ်ရှားမှုတွင်မှ မပါဝင်သော်လည်း အာဏာသိမ်းအဖွဲ့၏ လိုက်လံရှာဖွေဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရှိနေကြောင်း သိရသည်။