ကျောက်မဲမြို့တွင် ဆေးရုံဆင်း Covid-19 လူနာတစ်ဦး အပါအဝင် တစ်နေ့တည်း (၃)ဦး သေဆုံး

ကျောက်မဲမြို့တွင် ဆေးရုံဆင်း Covid-19 လူနာတစ်ဦး အပါအဝင် တစ်နေ့တည်း (၃)ဦး သေဆုံး
သြဂုတ် 14, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဆေးရုံဆင်းလာသည့် Covid-19 အတည်ပြုလူနာ အမျိုးသား (၁) ဦးအပါအဝင် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့ တစ်နေ့အတွင်း ပိုးတွေ့လူနာ (၃) ဦး သေဆုံးကြောင်း သိရသည်။

ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံမှ ဩဂုတ်လ ( ၁၃ )ရက်တွင် ဆေးရုံမှ ဆင်းကာ ( ၁၄ )ရက်နေ့ နံနက်ပိုင်း၌ အရေးပေါ်ဌာနသို့ ပြန်လာပြသည့် အသက် (၆၃) နှစ်အရွယ် အတည်ပြုလူနာအမျိုးသားနှင့် ဆေးရုံတွင် ကုသမှုခံယူနေသည့်  စခန်းသာကျေးရွာမှ (၁) ဦး၊ ကျောက်မဲမြို့  တိလင်ရပ်ကွက်မှ (၁) ဦးတို့ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ဩဂုတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းအထိ အဆိုပါ သေဆုံးသူ (၃) ဦးအပါအဝင် ဆေးရုံတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာသေဆုံးမှု စုစုပေါင်း (၃၉) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကျောက်မဲမြို့နယ်အတွင်း၌ Covid-19 စစ်ဆေးခြင်းမရှိဘဲ နေအိမ်တွင် သေဆုံးသူအရေအတွက်မှာ နေ့စဉ် ပျမ်းမျှ (၇) ဦးဝန်းကျင်ရှိနေသည်ဟု သိရသည်။

ကျောက်မဲမြို့နယ်အတွင်း တတိယလှိုင်းစတင်သည့် ၂၀၂၁ ခုနှစ် ဇွန်လ ( ၂၀ )ရက်နေ့မှ ယနေ့ ဩဂုတ်လ ( ၁၄ ) ရက်နေ့ နေ့လယ်ပိုင်းအထိ လာရောက်စစ်ဆေးသူများမှ ပိုးတွေ့သူ (၆၀၀) ကျော်ရှိသည့်အနက် (၃၂၀) ကျော်ဆေးရုံဆင်းကာ  (၃၉) ဦးသေဆုံးခဲ့သည်။