တာချီလိတ်မြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၈၁)ဦးထပ်တိုး၊ (၇)ဦးမှာ ဆေးရုံတင်ထားရ

တာချီလိတ်မြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၈၁)ဦးထပ်တိုး၊ (၇)ဦးမှာ ဆေးရုံတင်ထားရ
သြဂုတ် 9, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဩဂုတ်လ(၉)ရက်နေ့တစ်နေ့အတွင်း Covid-19 ကူးစက်ခံရသူ (၈၁)ဦး ထပ်တိုးရာ (၇)ဦးမှာ တာချီလိတ်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူထားရကြောင်း သိရသည်။

ပိုးတွေ့သူများထဲက ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသူ (၇)ဦးတွင် အသက် (၆၅)နှစ်မှ (၈၀)နှစ်အထိ (၃)ဦး ပါဝင်ပြီး အသက်(၂၅)နှစ်မှ (၅၄)နှစ်အထိ (၄)ဦး ပါဝင်ကြောင်း သိရသည်။

အသစ်ထပ်တိုးတွေ့ရသည့် (၈၁)ဦးတွင် အမျိုးသား (၄၅)ဦး နှင့် အမျိုးသမီး (၃၆)ဦးတို့ ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်များထဲက အများဆုံးအနေဖြင့် ပုန်းထွန်ရပ်ကွက်မှ (၁၇)ဦး၊  ဆန်ဆိုင်း(ခ)ရပ်ကွက်မှ (၁၂)ဦးနှင့် ဝမ်ကောင်းရပ်ကွက်က (၁၀)ဦးတို့ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဩဂုတ်လ(၉)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၁,၈၂၉)ဦးအထိ ရှိနေပြီး သေဆုံးသူမှာ  အမျိုးသား (၁၂)ဦး နှင့် အမျိုးသမီး (၁၂)ဦး စုစုပေါင်း (၂၄)ဦးအထိ ရှိနေသည်။

Covid-19 ကူးစက်ခံရသူများထဲက အရေးပေါ်လူနာများက လွဲ၍ ကျန်သူများမှာ သတ်မှတ်ရက် (၁၁)ရက်ပြည့်သွားပါက နေအိမ်ပြန်ခွင့်ပေးထားပြီး နေအိမ်တွင် သီးသန့်နေထိုင်ခြင်းအဖြစ် (၇)ရက် သီးသန့်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency