လွိုင်ကော်မြို့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ဆိုင်ကယ်စီးလူငယ် (၂) ဦးကို လိုက်လံ ပစ်ခတ်

လွိုင်ကော်မြို့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ဆိုင်ကယ်စီးလူငယ် (၂) ဦးကို လိုက်လံ ပစ်ခတ်
သြဂုတ် 7, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့ ည (၁၀) နာရီကျော်ဝန်းကျင်က ဆိုင်ကယ်စီးလာသည့် လူငယ် (၂) ဦးအား အာဏာသိမ်းအဖွဲ့၏ စစ်တပ်မှ လိုက်လံပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။



လွိုင်ကော်မြို့ ၊ နမ့်ဘော်ဝမ်ရပ်ကွက်ရှိ လမ်းမကြီးပေါ်တွင် သြဂုတ်လ (၆)ရက်နေ့ ည (၁၀)နာရီကျော် အချိန်ခန့်က ဆိုင်ကယ်စီးနင်းလာသော လူငယ် (၂) ဦးအား အာဏာသိမ်းအဖွဲ့၏စစ်တပ်က တားဆီးရာ ကြောက်လန့်၍ မောင်းပြေးခဲ့သောကြောင့် သေနတ်ဖြင့် လိုက်လံပစ်ခတ်ရာ တစ်ဦးမှာ လက်မောင်းထိမှန်ပြီး တစ်ဦးမှာ ကျောတွင် ထိမှန်သွားကြောင်း သိရသည်။



လူငယ်လေးတွေက အသက် (၁၉) ကျော်လောက်ပဲရှိသေးတယ်။ ကလေးတွေပေါ့။ လမ်းမှာ စစ်သားတွေက အော်ပြီးတားတော့ ကြောက်လန့်ပြီး မရပ်ပေးဘဲ မောင်းပြေးတာကို အနောက်ကနေ အနီးကပ် သေနတ်နဲ့ လိုက်ပစ်တာလို့ သိရတယ်။ ဆိုင်ကယ်ကို မြွေလိမ် မြွေကောက် မောင်းပြေးတာကို တစ်ယောက်က လက်မှာ ကျည်ထိတာ ဟိုဘက်ဒီဘက်ပေါက်သွားတယ်။ တစ်ယောက်ကတော့ ကျောကုန်းမှာပေါ့။ ကံကောင်းလို့ အသက်သေနိုင်တဲ့နေရာတွေ မထိသွားတာပေါ့။  အသက်အန္တရာယ် တော့မရှိတော့ဘူး

ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ (၇) ရက်နေ့တွင်  ပြောသည်။ 

 

လက်ရှိတွင် ဒဏ်ရာရလူငယ် (၂) ဦးအား လုံခြုံသည့်နေရာပို့၍ ဆေးကုသပေးနေကြောင်း သိရသည်။



လွိုင်ကော်မြို့ ပေါ်တွင် ညမထွက်ရ အမိန့်ထုတ်ထားခြင်းမရှိသော်လည်း အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ညပိုင်းတွင် မြို့ပေါ် ရပ်ကွက်များအတွင်း နေ့စဥ် လှည့်လည်နေပြီး သေနတ်ပစ်ဖောက်ခြင်း ၊ လူနေရပ်ကွက်များအတွင်း လူထုအား အကာကွယ်ယူကာ  ဝင်ရောက် ကင်းပုန်းဝပ်ခြင်း များ လုပ်ဆောင်နေကြောင်း သိရသည်။