လွိုင်ကော်မြို့အဝင် ကယန်းသာယာလမ်းခွဲတွင် စစ်ကောင်စီတပ်မှ စစ်ဆေးရေးဂိတ်ပြုလုပ်၍ လမ်းသွား လမ်းလာများအား သေနတ်များဖြင့်ချိန်ကာ ဖုန်းများယူစစ်သည်အထိ လုပ်ဆောင်နေ 

လွိုင်ကော်မြို့အဝင် ကယန်းသာယာလမ်းခွဲတွင် စစ်ကောင်စီတပ်မှ စစ်ဆေးရေးဂိတ်ပြုလုပ်၍ လမ်းသွား လမ်းလာများအား သေနတ်များဖြင့်ချိန်ကာ ဖုန်းများယူစစ်သည်အထိ လုပ်ဆောင်နေ 
သြဂုတ် 6, 2021 | ကယား

 ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့အဝင် ကယန်းသာယာကျေးရွာလမ်းခွဲတွင် စစ်ကောင်စီ၏ စစ်သားများမှ စစ်ဆေးရေးဂိတ် ပြုလုပ်ပြီး လမ်းသွားလမ်းလာ များအား သေနတ်များဖြင့်ချိန်ကာ တားဆီး၍ စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။ 

ကယန်းသာယာကျေးရွာ လမ်းခွဲတွင် စစ်ကောင်စီဖက်မှ တပ်စွဲထားပြီး အဆိုပါ နေရာအနီးတစ်ဝိုက်ကျေးရွာများသို့လည်း ခြေလျင်ဖြင့် လှည့်လည်၍ စစ်ရေး ​လှုပ်ရှားမှုများ ပြုလုပ်နေသလို လမ်သွား လမ်းလာများနှင့် ကား ၊ ဆိုင်ကယ်များအား တာဆီးကာ သေနတ်များဖြင့် ချိန်၍ တစ်ခါတစ်ရံ ဆဲဆိုကြိမ်းမောင်းကာ စစ်ဆေးခြင်းများ နေ့စဥ် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

အရင်နေ့တွေကလည်း စစ်တယ်လို့ ပြောတယ်။ ကျွန်မကတော့ ဒီနေ့မှဖြတ်လာတာ။ ဆိုင်ကယ်ကိုတားတယ်။ ပြီး​တေ့ာ ဖုန်းယူစစ်တယ်။ အကုန်စစ်တာ ဓာတ်ပုံတွေကော မက်စင်ဂျာတွေကအစ အကုန်ယူကြည့်တယ်။ သေနတ်တွေနဲ့လည်း ချိန်ထားတယ်။ တစ်ချို့ဆို ဆဲဆိုပြီး​တေ့ာ အော်ငေါက်ပြီးမေးတယ်။ သေနတ်တွေနဲ့ပါ ချိန်ထားတာ။

ဟု ကိုယ်တိုင် စစ်ဆေးခံခဲ့ရသူ လွိုင်ကော်မြို့ မှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။ 

ယနေ့ သြဂုတ်လ (၆)ရက်နေ့  နေ့လည်ပိုင်းတွင်  အဆိုပါ စစ်ဆေးရေးဂိတ်တွင် လမ်းသွား လမ်းလာဖြစ်သည့် ကယန်းသာယာရွာမှ ရွာသား (၃)ဦးအား တာဆီး၍ ဖုန်းများအား စစ်ဆေးရာ  PDF နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ စစ်ကော်စီတပ်များမှ ဖမ်းဆီးသွားပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကာ ရိုက်နှက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း PKPF မှ သတင်း ထုတ်ပြန်ထားသည်။ 

လွိုင်ကော်မြို့ အဝင်အထွက် ဖြစ်သည့် ကယန်းသာယာကျေးရွာလမ်းခွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်များမှ တပ်စွဲ၍ စစ်ဆေးရေးများ လုပ်ဆောင်နေသောကြောင့် သွားလာကြမည့် ဒေသခံများအနေဖြင့် ကြိုတင်ကာကွယ်ရမည့် အရာများကို သတိရှိရှိဖြင့် လုပ်ဆောင်ကာ သွားလာကြရန် ဒေသခံများမှ အချင်းချင်း အသိပေးပြောဆိုထားသည်။

#TachileikNewsAgency