မကွေးတိုင်းဒေသကြီးအတွင်းမှ ကျန်းမာရေးဝန်ထမ်း (၉၀၀၀)ကျော် ကိုဗစ်ကာကွယ်ဆေး ထိုး

မကွေးတိုင်းဒေသကြီးအတွင်းမှ ကျန်းမာရေးဝန်ထမ်း (၉၀၀၀)ကျော် ကိုဗစ်ကာကွယ်ဆေး ထိုး
ဇန်နဝါရီ 27, 2021 | Covid-19| အခြားဒေသများ

အိန္ဒိယနိုင်ငံထုတ် COVISHIELD ကိုဗစ်ကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၌ ကျန်းမာရေးဝန်ထမ်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ထိုးနှံပေးနေရာ မကွေးတိုင်းဒေသကြီး အတွင်း ကာကွယ်ဆေးထိုးခွင့်ရ ကျန်းမာရေးဝန်ထမ်းဦးရေ (၉,၀၀၀) ကျော်ရှိသည့်အနက် မကွေးမြို့နယ်မှ (၇၀၀) ကျော်ပါဝင်ကြောင်း သိရသည်။



 ကာကွယ်ဆေးထိုးဖို့ စာရင်းပြုစုတဲ့အခါ (၇၇၇) ဦး ရရှိပါတယ်။ ဆေးထိုးပေးမယ့်ဆရာတွေက ဇန်နဝါရီ (၂၃) ရက်ကနေ (၂၆) ရက်နေ့အထိ (၄) ရက် သင်တန်းတက်ထားကြပါတယ်။ တိုင်းဆေးရုံကြီးမှာ ဆေးထိုးတဲ့ဆိုဒ်ကို (၂) နေရာသတ်မှတ်ပေးထားပြီး (၃) ရက်ထိုးပေးဖို့စီစဉ်ထားပါတယ်။ ဒီနေ့ကတော့ ဆေးရုံအခြေစိုက် ဝန်ထမ်းတွေကို စပြီးထိုးပေးသွားမှာပါ

ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ဇင်မင်းဖွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအပြင် တိုင်းရင်းဆေးရုံ၊ သူနာပြုသင်တန်းကျောင်း၊ အစားအသောက်ကွပ်ကဲရေးဌာန (FDA) နှင့် အား/ကာဌာနမှ  ဝန်ထမ်းများကိုလည်း ထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။



 ဆေးထိုးတဲ့အချိန်မှာလည်း သိသိသာသာ နာကျင်တာမျိုး မရှိပါဘူး။ အခု ထိုးပြီးတာ (၁၅) မိနစ်လောက် ရှိနေတဲ့အတွင်းမှာလည်း ဘာလက္ခဏာမှ ပြတာမရှိပါဘူး။ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေကို အခုလို နိုင်ငံတော်ရဲ့ကျေးဇူးနဲ့ ဒီလိုကာကွယ်ဆေးထိုးခွင့်ရတာကို ကျေးဇူးတင်ပါတယ်။ ပြည်သူတွေကိုလည်း အန္တရာယ်ကင်းအောင် အမြန်ဆုံးထိုးခွင့်ရပါစေလို့  ဆုတောင်းပါတယ်

ဟု မကွေးတိုင်းဆေးရုံကြီး ရောဂါဗေဒဌာန၊ အထူးကုဆရာဝန် (အနုဇီဝ) ဒေါက်တာမြတ်မြတ်မိုးက ပြောသည်။



အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွက် လက်ဆောင်ပေးပို့ထားသည့် COVISHIELD ကိုဗစ်ကာကွယ်ဆေး အကြိမ်ရေ (၁) သန်းခွဲဖြင့် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးနေခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးနိုင်ရေးအတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နေပြီဖြစ်သည်။



Tachileik News Agency

သတင်း - ဖီးနစ်

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...