ဖယ်ခုံမြို့ရှိ မြို့တော်ခန်းမတွင် COVID-19 ကာကွယ်ဆေးထိုးနေစဉ် ပေါက်ကွဲမှုဖြစ်၍ ရဲနှင့်မီးသတ် (၂) ဦးသေ

ဖယ်ခုံမြို့ရှိ မြို့တော်ခန်းမတွင် COVID-19 ကာကွယ်ဆေးထိုးနေစဉ် ပေါက်ကွဲမှုဖြစ်၍ ရဲနှင့်မီးသတ် (၂) ဦးသေ
သြဂုတ် 3, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့ နေ့လယ် (၂) နာရီကျော်ဝန်းကျင်က COVID-19 ကာကွယ်ဆေးထိုးနေသည့် မြို့တော်ခန်းမတွင် ပေါက်ကွဲမှုဖြစ်ပွားသွားပြီး ရဲ (၁) ဦးနှင့် မီးသတ် (၁) ဦးတို့ သေဆုံးသွားသည်ဟု သိရသည်။

ကာကွယ်ဆေးထိုးနေတဲ့ ခန်းမထဲမှာ ပေါက်ကွဲတာပေါ့။ ဗုံးပေါက်ကွဲလို့ ထိမှန်တဲ့သူတွေ ရှိတယ်။ ဆေးလာထိုးတဲ့အထဲကရော အဲဒီမှာစောင့်တဲ့ ရဲ (၂) ယောက်ပါ ထိသွားတယ်လို့ သိရတယ်။ အခုထိတော့ အဲဒီနားတစ်ဝိုက်မှာ စစ်တပ်က အစစ်ဆေးတွေ လုပ်နေတယ်

ဟု ဖယ်ခုံဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အစောင့်များဖြစ်ကြသည့် ရဲ(၁)ဦးနှင့် မီးသတ် (၁) ဦးတို့ နေရာတွင် လဲကျနေ၍ သေဆုံးပြီဟုယူဆထားကြပြီး အခြားဒဏ်ရာရသူအရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

လောလောဆယ်မှာတော့ ဒီမြို့ထဲမှာ သူတို့ လိုက်စစ်နေတယ်။ လာသမျှလူတွေကို စစ်နေပြီးတော့ ပစ်မိန့်ပေးထားတယ်လို့လည်း ပြောတယ်ဗျ။ ကျွန်တော်တို့မြို့ခံတွေကတော့ ဘယ်သူမှ မထွက်ရဲတော့ဘူးပေါ့လေ။

ဟု ဖယ်ခုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှု နှင့်ပတ်သက်၍ မည်သူကလုပ်ဆောင်သည်ကို မသိရသေးဘဲ လတ်တလောတွင်မူ အာဏာသိမ်းအဖွဲ့၏ စစ်တပ်က မြို့တော်ခန်းမတဝိုက်တွင် လက်နက်အပြည့်အစုံဖြင့် နေရာယူထားကာ လမ်းသွားလမ်းလာများကို စစ်ဆေးနေသည်။