COVID 19 အတည်ပြုလူနာတိုးလာသည့် ကျောက်မဲမြို့တွင်  ဈေးများ၊ စားသောက်ဆိုင်များကို ကန့်သတ်လိုက်သော်လည်း ကျောင်းများ ဆက်ဖွင့်မည်

COVID 19 အတည်ပြုလူနာတိုးလာသည့် ကျောက်မဲမြို့တွင်  ဈေးများ၊ စားသောက်ဆိုင်များကို ကန့်သတ်လိုက်သော်လည်း ကျောင်းများ ဆက်ဖွင့်မည်
ဇူလိုင် 2, 2021 | Covid-19| ရှမ်းမြောက်

 ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် COVID 19 အတည်ပြုလူနာ (၆၃) ဦးတွေ့ရှိထား၍ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှစကာ ဈေးများရက်အကန့်အသတ်မရှိပိတ်ရန်၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ညွှန်ကြားထားသော်လည်း ကျောင်းများဆက်ဖွင့်မည်ဟု သိရသည်။

ကျောက်မဲမြို့ပေါ်ရှိ ဗဟိုဈေးကြီးနှင့် ဈေးသစ်(ဈေးလေး) အပါအဝင် ညဈေးတန်းများကို ဇူလိုင်လ (၃) ရက်နေ့မှစ၍ ရက်အကန့််အသတ်မရှိ ပိတ်ထားရန်နှင့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကိုလည်း ယင်းနေ့မှစ၍ ဆိုင်ထိုင်မရောင်းချတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးဌာနက ကြေညာထားခြင်းဖြစ်သည်။

ကျောက်မဲတွင် ဇွန်လ (၂၀)ရက်နေ့မှစ၍ COVID 19 အတည်ပြုလူနာစတွေ့လာရပြီး ဇူလိုင် (၁) ရက်နေ့အထိ  မြို့ပေါ်တွင် (၂၉) ဦးနှင့် နောင်ပိန်ကျေးရွာတွင် (၃၄) ဦး စုစုပေါင်းအတည်ပြုလူနာအရေအတွက် (၆၃) ဦးရှိနေခြင်းဖြစ်သည်။

မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လူစည်ကားရာ ဈေးများကိုပိတ်ရန် စည်ပင်သာယာရေးဌာနက ဇူလိုင်လ (၁) ရက်နေ့ကတည်းက စတင်ကြေညာနေခြင်းဖြစ်ပြီး နောင်ပိန်ကျေးရွာတွင် ဆိုင်အတော်များများ ပိတ်ထားပြီဟု ဒေသခံများထံမှ သိရသည်။