ကျောက်မဲမြို့တွင် COVID 19 အပြင်ထွက်ရန် ကန့်သတ်ခံရသူများ၊ ကန့်သတ်နေထိုင်လိုသူများအတွက် လူငယ်အဖွဲ့က ကိုယ်စား ဈေးဝယ်ပေးသည့် အစီအစဉ် စတင်

ကျောက်မဲမြို့တွင် COVID 19 အပြင်ထွက်ရန် ကန့်သတ်ခံရသူများ၊ ကန့်သတ်နေထိုင်လိုသူများအတွက် လူငယ်အဖွဲ့က ကိုယ်စား ဈေးဝယ်ပေးသည့် အစီအစဉ် စတင်
ဇူလိုင် 10, 2021 | Covid-19| ရှမ်းမြောက်

COVID 19 ကူးစက်ခံရသူ နေ့စဉ်တိုးလာနေသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် COVID 19 ကြောင့် အသွားအလာကန့်သတ်ခံရသူများအပြင် မိမိအစီအစဉ်ဖြင့် stay at home နေလိုသူများအတွက် ဈေးဝယ်ပေးမည့်အစီအစဉ်ကို လူငယ်အဖွဲ့တစ်ဖွဲ့က ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့၌ စတင်လိုက်သည်။



Home Quarantine နေနေရသူတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေ ဝယ်ယူလိုတဲ့အခါ တစ်အိမ်လုံးက အပြင်မထွက်ရတော့ အဲဒီလိုဝယ်ဖို့ ခက်ခဲနေတယ်လို့ သိရတဲ့အတွက် ကိုယ်စားဝယ်ပေးဖို့ လူငယ်တွေစုပြီး အဖွဲ့ဖွဲ့လိုက်တာပါ။ အဓိကကတော့ မြို့သူမြို့သားတွေကို ရောဂါကူးစက်ပျံ့ပွားမှု လျော့ကျအောင် အဲဒီလိုကိစ္စတွေအတွက်နဲ့ အိမ်ပြင်မထွက်ရအောင် ကူညီပေးတာပါ

ဟု COVID 19 ကြောင့် အသွားအလာကန့်သတ်ခံရသူများအား ကူညီပေးမည့် KME Supporting Volunteers အဖွဲ့မှ အဖွဲ့သားတစ်ဦးက ပြောသည်။

KME Supporting Volunteers အဖွဲ့ကို လူငယ် (၂၀) ဝန်းကျင်ဖြင့် ဇူလိုင်လ (၈) ရက်နေ့တွင် စတင်စုစည်းလိုက်ပြီး ကျောက်မဲမြို့ပေါ်တွင် နေအိမ်၌ အသွားအလာကန့်သတ်ခံရသူများအတွက် လိုအပ်သည့် ဆေးဝါး၊ လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်များကို ဝယ်ယူပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို ဇူလိုင်လ (၉) ရက်နေ့မှစ၍ လုပ်ဆောင်ပေးနေသည့်အပြင် stay at home နေလို၍ အပြင်မထွက်လိုပါကလည်း ဝယ်ယူပို့ဆောင်ပေးမည်ဟု သိရသည်။

ပစ္စည်းများဝယ်ယူပို့ဆောင်ပေးရာတွင် အဖွဲ့သားများ COVID 19 ကာကွယ်ရေးအတွက် လိုအပ်သည့်  လက်အိတ်၊ Hand Spray၊ N95 Mask၊ Face Shield စသည်တို့ဖြင့် မိမိတို့စရိတ်ဖြင့်ကျခံသုံးစွဲကြမည်ဖြစ်ပြီး  မှာယူသည့်ပစ္စည်းများအတွက် ကုန်ကျစရိတ်ကို မှာယူသူက ပေးဆောင်ရမည်ဖြစ်ပြီး အပြင်ထွက်ဝယ်ယူပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို ကူညီခြင်းဖြစ်ကြောင်း သိရသည်။

မိမိကိုယ်တိုင်အတွက် ဈေးဝယ်ယူရန်လိုအပ်၍လည်းကောင်း၊ အသွားအလာကန့်သတ်ထားသူများအား ပစ္စည်းများ ဝယ်ယူလှူဒါန်းလိုလျှင်လည်းကောင်း ဖုန်းနံပါတ် 09-773460170 သို့ ဆက်သွယ်နိုင်သည်ဟု သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းရှိ COVID 19 တတိယလှိုင်းအဖြစ် စတင်သည့် ဇွန်လ (၂၀) ရက်နေ့မှစ၍ ဇူလိုင်လ (၁၀) ရက်နေ့ နံနက်ပိုင်းအထိ COVID 19 အတည်ပြုလူနာ စုစုပေါင်း ( ၁၃၀ )ဦးအထိရှိပြီဟု ဒေသကျန်းမာရေးဌာနက ထုတ်ပြန်သည့်စာရင်းအရသိရပြီး အဆိုပါ အတည်ပြုလူနာများအနက် သေဆုံးသူ (၄) ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ (၂၅) ဦးရှိသည်ဟု သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ဈေးများကို ယာယီပိတ်ထားကာ အစားအစာနှင့် ဆေးဝါးကဲ့သို့ အရေးကြီးပစ္စည်းများကိုသာ ရောင်းချခွင့်ပြုထားခြင်းဖြစ်သည်။