လွိုင်ကော် - ရှားတော လမ်းမကြီးအနီး ပစ်ခတ်သံများကြားရ၍ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

လွိုင်ကော် - ရှားတော လမ်းမကြီးအနီး ပစ်ခတ်သံများကြားရ၍ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ
ဇူလိုင် 2, 2021 | ကယား

 

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော် - ရှားတော လမ်းမကြီးအနီး ပါလောင်းကျေးရွာ အနီးတစ်ဝိုက်တွင် ယနေ့ ဇူလိုင်လ(၂)ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများ ကြား၍  ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ 

"အပြန်အလှန် ပစ်တာမျိုးတော့ မဟုတ်ဘူးလို့ ထင်တယ်။ ပစ်တာတော့ ပါလောင်းရွာအကျော်နားမှာပါ။ လက်နက်ကြီးလဲ ပါတယ်။ လက်နက် ငယ်လည်းပါတယ်။ တိုက်ပွဲပဲ ဖြစ်တာလား သူတို့ဘာသာပဲ ပစ်တာလား သေချာ မသိရဘူး။ ပစ်သံတွေကြောင့် ကျွန်တော်တို့ ကတော့ အခု ရွာမှာ မနေရဲတော့ဘူး။ အကုန် တိမ်းရှောင်နေကြရပါပြီ။"ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။

လွိုင်ကော်မြို့နယ် ပါလောင်း ကျေးရွာနှင့် ဒေါတရိုးကျေးရွာ အကြားတွင် ဇူလိုင်လ ၂ ရက်နေ့ မနက် (၉)နာရီခွဲကျော် အချိန့်တွင် လက်နက်ကြီး  လက်နက်ငယ်များဖြင့် (၁၅) မိနစ်နီးပါး ကြာပစ်ခက်ခဲ့ကြောင်း သိရပြီး မည်သည့် အဖွဲ့စည်းများက ပစ်ခက်သည်ကို မသိရှိရဘဲ ပါလောင်းကျေးရွာ အနီတွင် စစ်ကောင်စီ တပ်များ ရှိနေကြောင်း သိရသည်။ 

ဇူလိုင်လ(၁)ရက်နေ့ ညပိုင်းက လွိုင်ကော - ရှားတောလမ်းမကြီးပေါ်ရှိ ပွန်ချောင်းဖက်မှ လွိုင်ကော်ဖက်သို့ ဦးတည်၍ လာသော စစ်ကောင်စီတပ်ဖွဲ့များ မှာ ပါလောင်းကျေးရွာအကျော် ဘုန်ကြီးကျောင်းတွင် ညအိပ် တပ်ချထားကြောင်း ဒေသခံများထံမှ သိရသည်။

 

ဇူလိုင်လ(၂)ရက်နေ့ နံနက်ပိုင်းတွင်လည်း  လွိုင်ကော် - ရှားတော လမ်းပိုင်းပေါ်ကနေ သွားလာမည့် ကား၊ဆိုင်ကယ်များကိုလည်း ဖြတ်သန်းသွားခွင့်မပြုဘဲ စစ်ကောင်စီအဖွဲ့မှ လှည့်ပြန်ခိုင်းကြောင်း သိရပြီး ဇူလိုင်လ(၁)ရက်နေ့ ညပိုင်း (၈) နာရီလောက်ကစ၍ ရှားတောမြို့တွင်  ဖုန်းလိုင်းအချို့ ပြတ်တောက်သွားကြောင်း သိရသည်။ 

ကယား(ကရင်နီ) ပြည်နယ်အတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် စစ်ကောင်စီတပ်တို့ ဇွန်လ(၁၅)ရက်နေ့က ယာယီ တိုက်ပွဲ ရပ်စဲထားပြီးနောက် ဒေသခံ အချို့ကျေးရွာများတွင် ပြန်လည်နေထိုင်ခဲ့ကြပြီး အခုလို ပစ်ခတ်မှုများကြောင့် ထပ်မံ ထွက်ပြေးတိမ်းရှောင်ရခြင်း ဖြစ်ကြောင်း သိရပြီး ကယားပြည်နယ်တွင် စစ်ဘေးရှောင် ပြည်သူ(၁)သိန်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။