လွိုင်ကော်မြို့၏ သီရိမင်္ဂလာဈေးကို အသစ်ပြန်တည်ဆောက်မည့် အစီအစဉ် ပျက် 

လွိုင်ကော်မြို့၏ သီရိမင်္ဂလာဈေးကို အသစ်ပြန်တည်ဆောက်မည့် အစီအစဉ် ပျက် 
ဇန်နဝါရီ 29, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ သီရိမင်္ဂလာဈေး (တောင်ဈေး) အား နှစ်ထပ်ဈေးအဖြစ် အဆင့်မြှင့်တင်ရန် အစီအစဉ်ကို ဈေးသူဈေးသားများ၏ ဆန္ဒအရ ဆောင်ရွက်တော့မည်မဟုတ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၂၀) ကြိမ်မြောက် အစည်းအဝေး ပထမနေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအား  ခေတ်မီအဆင့်မြင့် နှစ်ထပ်ဈေးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီစဉ်  ရှိ၊ မရှိ မယ်စဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက မေးခွန်းမေးမြန်းခြင်းအား ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ဖြေကြားထားခြင်းဖြစ်သည်။

သီရိမင်္ဂလာဈေး (ခေါ်) တောင်ဈေးအား အဆင့်မြင့်နှစ်ထပ်ဈေးအဖြစ် အဆင့်မြှင့်တင်ရေး၊ ပြန်လည် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ဈေးသူဈေးသားများရဲ့  ဆန္ဒသဘောထား ရယူခဲ့ရာမှာ ဈေးသူဈေးသားများအနေနဲ့ လောလောဆယ် အနေအထားမှာ ဈေးအဆင့်မြှင့် တည်ဆောက်ရန် ဆန္ဒမရှိတဲ့အတွက်ကြောင့်မို့လို့ လောလောဆယ်အနေနဲ့ ၂၀၂၁ - ၂၂ ဘဏ္ဍာနှစ်ရန်ပုံငွေများ လျာထားပြီးတော့ ဈေးအဆင့်မြှင့်တင် တည်ဆောက်ဖို့အတွက် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားလိုပါတယ်

ဟု ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ဖြေကြားသည်။

ကယားပြည်နယ်၏ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက် ဆက်စပ်နေသည့် လွိုင်ကော်မြို့ သိရိမင်္ဂလာဈေးအား အဆင့်မြှင့်တင်ရန် လိုအပ်နေသည့်အတွက် ယခုအစိုးရ ဒုတိယသက်တမ်းကာလတွင် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ပေးအစီစဉ် ရှိမရှိအား မေးခွန်း မေးမြန်းခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက မေးမြန်းထားသည်။

သီရိမင်္ဂလာဈေးအား အဆင့်မြင့်နှစ်ထပ်ဈေး တည်ဆောက်ရန်နှင့်ပတ်သက်၍ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ဈေးသူဈေးသားများနှင့် မေးခွန်းမေးမည့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊  လွိုင်ကော်မြို့ စည်ပင်သာယာရေးကော်မတီအဖွဲ့၊ ဈေးကော်မတီအဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး ဈေးအဆင့်မြှင့်တင်ခြင်း လုပ်ဆောင်မည့်အပေါ် ဈေးသူဈေးသားများက ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

လွိုင်ကော်မြို့တွင် သိရိမင်္ဂလာဈေး (တောင်ဈေး)၊ နောင်ယားဈေး၊ နှစ်ထပ်ဈေးစသည့် ဈေးများလည်း ရှိနေသည့်အတွက် လုံလောက်သည့် ဈေးအရေအတွက်ရှိနေသည့်အပြင် ဈေးအဆင့်မြှင့်တင်ပါက (၉) ပေ ပတ်လည် ဆိုင်ခန်းတစ်ခန်းအတွက် ဆိုင်ခန်းပိုင်ရှင်မှ ကျပ်သိန်း (၂၄၀) ပေးသွင်းရမည်ဆိုခြင်းကြောင့်  ဈေးသူဈေးသားများက ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သီရိမင်္ဂလာဈေး ကော်မတီဥက္ကဌ ဦးတင်အောင်မိုးထံမှ သိရသည်။

ဆိုင်ခန်း တစ်ခန်းကို ကျပ်သိန်း (၂၄၀) ဆိုတော့ ကျွန်တော်တို့ မသွင်းနိုင်ဘူး။ ကိုယ်တောင်မှ ရင်းနှီးစားသောက်ဖို့ကို ကြံဖန်ပြီးတော့ လုပ်ကိုင်နေရတဲ့အချိန်မှာ အသစ်တည်ဆောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဈေးကလည်း ဟောင်းသေးတာလည်း မဟုတ်ဘူး။ ဈေးအသစ်ဆောက်ဖို့ဆိုတာ အနည်းဆုံး (၃)နှစ်ကနေ (၅)နှစ်ကြာမှာ ကျွန်တော်တို့အတွက် စားဝတ်နေရေးက ဘယ်လိုအာမခံပေးမှာလဲ။ မဖြစ်နိုင်ဘူး ဆိုတာထက် မဖြစ်သင့်ဘူးပေါ့။ မွမ်းမံတဲ့အပိုင်း ပြင်ဆင်တဲ့အပိုင်းတွေကို ကျွန်တော်တို့က လက်ခံတယ်။ ဈေးကြီး အသစ်တည်ဆောက်မှာကို လက်မခံတာ

ဟု သီရိမင်္ဂလာဈေး ကော်မတီဥက္ကဌ ဦးတင်အောင်မိုးက ပြောသည်။

လက်ရှိ သီရိမင်္ဂလာဈေးတွင် ဒေသပေါက်ဈေးအရ ဆိုင်ခန်းတစ်ခန်းလျှင် သိန်း (၆၀) ကျော်၊ (၇၀)ကြားသာ အရောင်းဝယ်ဖြစ်နေကြောင်းသိရပြီး ဆိုင်ခန်းပေါင်း (၁၀၆၂)ခန်းနှင့်  ပျံကျ( ၄၀၀) ရှိကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဆန်းဖြိုးထွန်း

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။