သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် နှင့် လူ(၅၀)အထက် စုဝေးခွင့် မပြုထားသည့် တာချီလိတ်တွင်  စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)က တာချီလိတ်တပ်နယ် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ပြီး ပျော်ရွှင်ဆင်နွှဲ

ဧပြီလ(၁၂)ရက်နေ့က သင်္ကြန်မဏ္ဍပ်  ဆောက်လုပ်ပြီးစီးပုံ
ဧပြီလ(၁၂)ရက်နေ့က သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ပြီးစီးပုံ
သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် နှင့် လူ(၅၀)အထက် စုဝေးခွင့် မပြုထားသည့် တာချီလိတ်တွင်  စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)က တာချီလိတ်တပ်နယ် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ပြီး ပျော်ရွှင်ဆင်နွှဲ
ဧပြီ 13, 2021 | ရှမ်းရှေ့

Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခြင်း နှင့် လူ(၅၀)ဦးအထက် စုဝေး ပျော်ရွှင်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည့် တာချီလိတ်မြို့တွင် စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)တပ်အတွင်း၌ မဏ္ဍပ်ပြုလုပ်ကာ ယနေ့ ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့ ညနေတွင် ဖွင့်ပွဲပါ ပြုလုပ်သည်။ 

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံဘက်တွင် Covid-19 ကူးစက်မှု များပြားနေသည့်အတွက် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဧပြီလ(၆)ရက်နေ့က လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဧပြီလ(၁၂)ရက်နေ့ကလည်းကောင်း  သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခြင်း နှင့် လူ(၅၀)ဦးအထက်စုဝေး ပျော်ရွှင်ခြင်းများ မပြုလုပ်ရန် ခရိုင်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအထိ ညွှန်ကြားထားသည်။

မြို့နယ်ထွေအုပ်မှ ဧပြီလ(၁၂)ရက်နေ့က ထုတ်ထားသည့် ညွှန်ကြားချက်

တာချီလိတ်ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက ယင်းသို့ ညွှန်ကြားထားသော်လည်း စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် တပ်အတွင်း၌  တာချီလိတ်တပ်နယ်ကိုယ်စားပြု မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်ကို ၂၀၂၁ခုနှစ် ဧပြီလ(၁၁)ရက်နေ့က ဆောက်လုပ်ထားခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ်အတွက် သင်္ကြန်မဏ္ဍပ်အဖြစ် တာချီလိတ်တပ်နယ် သင်္ကြန်မဏ္ဍပ် နှင့် ရွှေဘူးသီးလားဟူးရိုးရာစားသောက်ဆိုင်၏ သင်္ကြန်မဏ္ဍပ် တို့သာရှိပြီး သင်္ကြန်အကြိုနေ့တွင် မြို့တွင်း၌ ရေကစားသူ မရှိကြောင်း သိရသည်။

တာချီလိတ်တပ်နယ် သင်္ကြန်မဏ္ဍပ်အတွက် တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်အချို့ နှင့် ပြည်သူ့စစ်အချို့တို့မှ ငွေကြေး နှင့် အရက်များ ထောက်ပံ့ပေးထားကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် နှင့် လူ(၅၀)အထက် စုခွင့် မပြုထားကြောင်း စာထုတ်ထားသည့် တာချီလိတ်ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့သည် တာချီလိတ်တပ်နယ် သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲကို ယနေ့ ဧပြီလ(၁၃)ရက်နေ့ ညပိုင်းတွင် တက်ရောက်ခဲ့ကြောင်း သိရသည်။



Covid-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ညွှန်ကြားချက်များကို မည်သူမဆို မလိုက်နာပါက ထောင်ဒဏ်(၃)နှစ်အထိ ချမှတ်နိုင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အရေးယူနိုင်ကြောင်းလည်း သိရသည်။