ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် (၁၁)ရက်အတွင်း Covid-19 ပိုးတွေ့သူ (၁၀၁)ဦး အထိ ရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် (၁၁)ရက်အတွင်း Covid-19 ပိုးတွေ့သူ (၁၀၁)ဦး အထိ ရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့က စတင်ပြီး ဇွန်လ(၁၇)ရက်နေ့အထိ (၁၁)ရက်အတွင်း Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၀၁)ဦးအထိရှိနေပြီး (၁)ဦး သေဆုံးကြောင်း သိရသည်။

ဇွန်လ(၇)ရက်နေ့က စတင်ကာ လားရှိုးမြို့တွင် (၈၆)ဦး၊ နမ့်လန်မြို့တွင် (၈)ဦး၊ နမ္မတူမြို့မှ (၃)ဦး၊  မိုင်းရယ်မြို့မှ (၂)ဦး၊ သီပေါမြို့မှ (၁)ဦး၊ နှင့် တန့်ယန်းမြို့မှ (၁)ဦး စုစုပေါင်း (၁၀၁)ဦးရှိနေသည်။ 

 

လားရှိုးမြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ကုသနေသော လူနာအမျိုးသားတစ်ဦးအား မန္တလေးသို့ ပို့ဆောင်လွှဲပြောင်း ကုသရာမှ မန္တလေးမြို့တွင် စစ်ဆေးသည့်အခါ အဆိုပါလူနာ၌ Covid-19ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းနှင့်ဆက်စပ်သူများ အပါအဝင် Covid-19ပိုးတွေ့ရှိသူ ဇွန်လ ၁၇ ရက်နေ့မွန်းလွဲပိုင်းအထိ (၈၆)ဦးအထိ ရှိလာခဲ့သည်။

ဇွန်လ(၇)ရက်နေ့က လားရှိုးမှပြန်လာခဲ့သည့် တန့်ယန်းမြို့ဒေသခံအမျိုးသားတစ်ဦးလည်း ဇွန်လ (၁၃)ရက်နေ့က နေမကောင်းဖြစ်သဖြင့် စစ်ဆေးခဲ့ရာ Covid-19ပိုးတွေ့ရှိခဲ့သည်။

နမ့်လန်မြို့တွင်လည်း အနံ့ပျောက်ဝေဒနာခံစားနေရသဖြင့် စစ်ဆေးရာမှ Covid-19ပိုးတွေ့သူ စတင်ရှိလာခဲ့ပြီး လက်ရှိတွင် ပိုးတွေ့သူ (၈)ဦးအထိ ရှိလာကာ သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်လွှဲပြောင်း ကုသထားကြစဉ် ရောဂါအခံရှိသော ပိုးတွေ့သူ (၁)ဦးသေဆုံးသွားခဲ့သည့် ဖြစ်စဉ်ရှိထားသည်။

နမ္မတူမြို့တွင်လည်း ဇွန်လ (၁၆)ရက်နေ့အထိ အခြေခံပညာအလယ်တန်းကျောင်းတစ်ခုမှ ဆရာမ (၃)ဦးတွင် Covid-19 ပိုး တွေ့ထားသည့်အတွက် အဆိုပါ ဆရာမများ နမ္မတူသို့လာစဉ် စီးနင်းလာကြသည့် မော်တော်ယာဉ်လိုင်း(၃)လိုင်း ကိုလည်း ထွေအုပ်က ယာယီရပ်နားခိုင်းထားကြောင်း သိရသည်။ 

သီပေါမြို့တွင် ဇွန်လ (၁၇)ရက်မွန်းလွဲပိုင်းက Quarantine Center တစ်ခုမှ အနံ့ပျောက်နေသည့် အမျိုးသမီး တစ်ဦးအား ကိုဗစ်ရောဂါစစ်ဆေးခဲ့ရာ ပိုးတွေ့သဖြင့် သီပေါပြည်သူ့ဆေးရုံရှိ Covid-19သီးသန့်ကုသဆောင်သို့ လူမှုကူညီရေးအသင်းက သယ်ယူရွှေ့ပြောင်းပေးထားရသည်ဟု သိရသည်။