ဘောလခဲမြို့နယ် နှင့် ဖရူဆိုမြို့နယ်အကြား တိုက်ပွဲများကြောင့် ကျေးရွာ(၇)ရွာမှ စစ်ရှောင်( ၂,၆၀၀)ကျော်အတွက် အရေးပေါ်အကူညီများ လိုအပ်နေ

ဘောလခဲမြို့နယ် နှင့် ဖရူဆိုမြို့နယ်အကြား တိုက်ပွဲများကြောင့် ကျေးရွာ(၇)ရွာမှ စစ်ရှောင်( ၂,၆၀၀)ကျော်အတွက် အရေးပေါ်အကူညီများ လိုအပ်နေ
ဇူလိုင် 20, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်ကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာ (၇) ရွာမှ စစ်ရှောင်နှစ်ထောင်ကျော်အတွက် အရေးပေါ်အကူညီများ လိုအပ်နေကြောင်း သိရသည်။ 

(၁၈)ရက်နေ့ကတည်းက တိမ်းရှောင်လာကြရနာဆိုတော့ နှစ်ရက်ရှိပြီပေါ့။ အရေးပေါ် လိုအပ်တာတွေ အများကြီးရှိ​​နေပါတယ်။ အခုခက်ခဲနေတာက ဒီဖက်ကို သွားဖို့လာဖို့ လမ်းအခက်ခဲဖြစ်နေတာပေါ့။ စစ်တပ်က တောက်လျှောက် အင်အားတွေ ဖြည့်ပြီး ဝင်နေတာတွေကြောင့် လမ်းတွေ ပိတ်နေတာရှိတယ်။ ဒါအခက်အခဲဖြစ်​နေတာ ။ တိုက်ပွဲက ဆက်ဖြစ်နိုင်တယ်လို့ ပြောကြတယ်။ ရေရှည်အတွက်ပါ စဥ်းစားရပြီဖြစ်ပေမဲ့ ခုလောလောဆယ် အရေးပေါ်အကူညီတွေလည်း လိုနေတယ်။ ဆေးဝါးတွေ ၊ မိုးကာတွေ၊ ခြင်ထောင်တွေ စားနပ်ရိက္ခာတွေပေါ့ ။

စစ်ရှောင်စခန်းမှ ဒေသခံတစ်ဦးက​ပြောသည်။ 

ဇူလိုင်လ (၁၈)ရက်နေ့ ညနေပိုင်းက  ဘောလခဲမြို့နယ် နန်းဖဲကျေးရွာနှင့် ကလိလျားကျေးရွာကြားတွင်  စစ်ကောင်စီတပ်နှင့်  ကရင်နီတပ်မ တော် (KA)နှင့် KNDF ပူးပေါင်း တပ်တို့ နာရီ ဝက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင် စီတပ်များမှ နေ့စဥ် ကျေးရွာများဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခက်ကာ ကျေးရွာများအနီး တပ်စွဲလှုပ်ရှားခြင်းများကြောင့် အနီးနားရှိ ကျေးရွာများမှ ဒေသခံများရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်​နေကြရခြင်းဖြစ်သည်။ 

နန်းဖဲကျေးရွာနှင့် ကလိလျားကျေးရွာအနီး တိုက်ပွဲများကြောင့်  ပလို​ဒေးခို ၊ ပလဲလယ်၊ ကလိလျား ၊ ကလောဒူ ၊ ဒေါစဲခူ ၊ နန်းခီးခို နှင့် နန်းဖဲ စသည့် ကျေးရွာများမှ စစ်ရှောင် (၂၆၂၉) ဦးခန့် စစ်ဘေးရှောင်နေရပြီး သက်ကြီးရွယ်အို များ၊ ကလေးများနှင့် မီးဖွားခါနီး ကိုယ်ဝန် ဆောင်များလည်း ပါဝင်ကြောင်း ဒေသခံများထံမှသိရသည်။ 

အဆိုပါ စစ်ရှောင်များ  မိုးကာများ၊  ​ဆေးဝါး ၊ ဆန် ၊ ဆီ ၊ ဆား ၊ ရိက္ခာခြောက်များ ၊ ကြာရှည်ခံ၍ အလွယ်တကူ သယ်ယူ သိုလှောင်သိမ်ထားနိုင်မည့် စားနပ်ရိက္ခာ များ ၊ Power Bank ၊အမျိုး သမီး အသုံးအဆောင်များ၊  လသားအရွယ် ကလေးငယ်များအတွက် အသုံးအဆောင်များ၊ ကလေးအားဆေးနှင့် သက်ကြီးရွယ်အိုများအတွက်အားဆေးနှင့် သောက်သုံးရေ သိုလှောင်နိုင်သည့်ပစ္စည်းများ အရေးပေါ်လိုအပ်လျှက်ရှိ​ကြောင်း သိရသည်။

ဇူလိုင်လ(၁၉)ရက်နေ့ ကလည်း ကလိလျားကျေးရွာအနီး တပ်ချထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ကျေးရွာများဖက်သို့ တစ်ဖက်သတ် ပစ်ခတ်ခဲ့ပြီး ဘောလခဲမြို့ အခြေစိုက် စစ်ကောင်စီတပ်တစ်ခုမှလည်း နန်းဖဲကျေးရွာဖက်သို့ အမြှောက်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကာ ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်များမှ စစ်ကြောင်း (၂) ကြောင်းခွဲ၍ စစ်ရေး လှုပ်ရှားမှုများ လုပ်ဆောင်လာကြောင်း သိရသည်။

ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်အကြား တိုက်ပွဲများကြောင့် တိမ်းရှောင်​နေရသည့် စစ်ရှောင်များအတွက် အရေးပေါ်လိုအပ်လျှက်ရှိသော အကူအညီများပါဝင်လှူဒါန်းလိုပါက  09765733168 ၊ 09445571977၊ 09788069188 နှင့် 09428003926 တို့ကို ဆက်သွယ်နိုင်ကြကြောင်း သိရသည်။