NLD အစိုးရ နှင့် ပြည်သူတို့၏ ကိုဗစ် ရန်ပုံငွေထဲမှ အာဏာသိမ်းစစ်ကောင်စီက အမေရိကန်ဒေါ်လာ (၁၀)သန်းကျော်သုံးစွဲ၍ တရုတ်မှ COVID 19 ကာကွယ်ဆေးဝယ်ယူ

NLD အစိုးရ နှင့် ပြည်သူတို့၏ ကိုဗစ် ရန်ပုံငွေထဲမှ အာဏာသိမ်းစစ်ကောင်စီက အမေရိကန်ဒေါ်လာ (၁၀)သန်းကျော်သုံးစွဲ၍ တရုတ်မှ COVID 19 ကာကွယ်ဆေးဝယ်ယူ
ဇူလိုင် 18, 2021 | Covid-19

COVID 19 ကာကွယ်ဆေးထိုးနှံရေးအတွက် NLD အစိုးရက နိုင်ငံတော်မတည်ငွေ အမေရိကန်ဒေါ်လာ သန်း (၂၅၀)နှင့် ပြည်သူများထည့်ဝင်သည့် မတည်ဖွင့်လှစ်ခဲ့သည့် COVID 19 ကာကွယ်ဆေးဝယ်ယူရန် ရန်ပုံငွေမှ အမေရိဒေါ်လာ (၁၀) သန်းကျော်ကို သုံးစွဲ၍ တရုတ်နိုင်ငံမှ Sinovac ကိုဗစ်ကာကွယ်ဆေးကို အာဏာသိမ်းအဖွဲ့က မှာယူထားသည်ကို တွေ့ရသည်။

 အာဏာသိမ်းစစ်ကောင်စီ၏ သတင်းစဉ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၌ ဖေါ်ပြထားသည့်  ရန်ပုံငွေစာရင်းအရ မြန်မာကျပ်ငွေရန်ပုံငွေစာရင်း OA - 013733 တွင် စာရင်းဖွင့်လက်ကျန်ငွေ ကျပ်သန်းပေါင်း (၃၀၈၈၄) ကျော်နှင့် အမေရိကန်ဒေါ်လာရန်ပုံငွေစာရင်း EDC 600012 တွင် စာရင်းဖွင့်လက်ကျန်ငွေ အမေရိကန်ဒေါ်လာသန်းပေါင်း (၁၇၈) သန်းရှိပြီ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့မှ ဇူလိုင်လ (၁၆) ရက်နေ့အထိ အာဏာသိမ်းအဖွဲ့က ရန်ပုံငွေစာရင်းကိုင်ထားစဉ်အတွင်း လှူဒါန်းသူ (၁) ဦးတိတိက ကျပ် (၁) သိန်းလှူဒါန်းထားသည်ကိုလည်း တွေ့ရသည်။

NLD အစိုးရ၏ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသည် COVID 19 ကာကွယ်ဆေးများ ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့၌ ဖွဲ့စည်းလိုက်ပြီး ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအတွက် နိုင်ငံတော်မတည်ငွေ အမေရိကန်ဒေါ်လာ သန်း (၂၅၀) မတည်မည်ဟု ကြော်ငြာပြီး မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံခြားငွေစာရင်းအမှတ် EDC 6000012 နှင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733 တို့ကို ဖွင့်လှစ်ကာ နိုင်ငံတော် မတည်ရန်ပုံငွေ ကျပ်သန်း (၁,၀၀၀)ကို စတင်ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့၌ အများပြည်သူလှူဒါန်းနိုင်ရန် ငွေစာရင်းများကို ထုတ်ပြန်ကြေညာခဲ့ရာ (၃) ရက်တာအတွင်း လူပုဂ္ဂိုလ်(၁၁၇)ဦးမှ မြန်မာကျပ်ငွေ သန်းပေါင်း(၁,၃၀၀)သန်းကျော် နှင့် လူပုဂ္ဂိုလ်(၅)ဦးတို့မှ အမေရိကန်ဒေါ်လာ (၂.၅၅)သန်းကို ထည့်ဝင်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ယင်းအပြင် NLD အစိုးရထံသို့ အိန္ဒိယအစိုးရက ၎င်းတို့နိုင်ငံရှိ Serum Institute of India မှထုတ်လုပ်သည့် COVISHIELD  COVID-19 ရောဂါ ကာကွယ်ဆေးကို လူဦးရေ (၇)  သိန်းခွဲစာအတွက် ဆေးအလုံးရေ (၁) သန်းခွဲကို လက်ဆောင်အဖြစ် ဇန်နဝါရီလ (၂၂) ရက်နေ့က ပေးပို့ခဲ့သည့်အတွက် COVID 19 ရောဂါထိန်းချုပ်ကာကွယ်ရေးကို ရှေ့တန်းမှ လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံခြင်းကို ဇန်နဝါရီလ (၂၇) ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံအတွင်း ဦးစားပေးအုပ်စုအလိုက် COVID 19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအတွက် ဗဟိုအဆင့်မွမ်းမံဆရာဖြစ် သင်တန်းကိုလည်း ဇန်နဝါရီလ (၂၃) ရက်နှင့် (၂၄) ရက်နေ့များတွင် ပို့ချခဲ့ကာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကျန်းမာရေးဝန်ထမ်းများအတွက် ကာကွယ်ဆေးများကို ဇန်နဝါရီလ (၂၄) ရက်နေ့တွင် စတင်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် COVID 19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအတွက် တိုင်းဒေသကြီး/ပြည်နယ်အဆင့် မွမ်းမံသင်တန်းကို ဇန်နဝါရီ (၂၅) ရက်နှင့် (၂၆) ရက်တို့တွင် ပို့ချပေးခဲ့ကာ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအတွက် ပြင်ဆင်နေကြစဉ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းလိုက်ရာမှ COVID 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်အားလုံး ပျက်ဆီးခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံ၌ COVID 19 တတိယလှိုင်းကို ရင်ဆိုင်နေရပြီး အာဏာသိမ်းအဖွဲ့က ရောဂါကာကွယ် ကုသ ထိန်းချုပ်မှုကို မလုပ်ဆောင်နိုင်သဖြင့် အသက်ဆုံးရှုံးရသည့်ပြည်သူအရေအတွက် နေ့စဉ်တိုးလာနေပြီး နေအိမ်တွင် မိမိကိုယ်ကိုကုသနေကြရသည့် အတည်ပြုလူနာများအတွက် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၏ အခမဲ့ကူညီမှုများနှင့် ပြည်သူအချင်းချင်းကူညီမှူများကိုလည်း အခက်အခဲများကြားမှ လုပ်ဆောင်ပေးနေကြရသည်ကို တွေ့ရသည်။

#TachileikNewsAgency