လွိုင်ကော်မြို့တွင် အသက်(၆၂)နှစ်အရွယ် Covid-19 လူနာတစ်ဦး ထပ်မံ သေဆုံး

Photo: ရွှေလွိုင်ကော်ပရဟိတအသင်း
Photo: ရွှေလွိုင်ကော်ပရဟိတအသင်း
လွိုင်ကော်မြို့တွင် အသက်(၆၂)နှစ်အရွယ် Covid-19 လူနာတစ်ဦး ထပ်မံ သေဆုံး
ဇူလိုင် 18, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး၏ အထူးကြပ်မက်ဆောင်တွင် ဆေးကုသမှုခံယူနေသည့် အသက် (၆၂)နှစ်အရွယ် Covid-19 အတည်ပြုလူနာ အမျိုးသမီး တစ်ဦး မှာ ယနေ့ ဇူလိုင်လ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။ 

လွိုင်ကော်ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် Covid-19 ရောဂါဖြင့် ဆေးကုသမှု ခံယူရင်း သေဆုံးခဲ့သူမှာ အသက် (၆၂)အရွယ်ရှိ လွိုင်ကော်မြို့ လောဓမ္မရပ်ကွက် မှ အမျိုးသမီးတစ်ဦးဖြစ်ပြီး ရုပ်အလောင်းအား ရွှေလွိုင်ကော်ပရဟိတအသင်းမှ ကူညီသယ်ဆောင်၍ ( ၄)မိုင် သုသာန်သို့ ပို့ဆောင်ကာ မီးသဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

လွိုင်ကော်မြို့တွင်  Covid-19 ရောဂါကြောင့် သေဆုံးသူ (၄)ဦးအထိ ရှိလာပြီဖြစ်ပြီး ဖရူဆိုမြို့တွင်လည်း ဇူလိုင်လ အစောပိုင်းက တစ်ဦးသေဆုံးကာ ကယားပြည်နယ်တွင် Covid-19 ကြောင့် သေဆုံးသူ စုစုပေါင်း (၅)ဦး ရှိပြီဖြစ်သည်။ 

လွိုင်ကော်မြို့တွင် ဇူလိုင်လ အစောပိုင်းမှစ၍ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု များပြားလာသလို အနံ့ပျောက် သူများလည်း အများပြားရှိလာပြီး အောက်စီဂျင်လိုအပ်မှုတွေလည်း ရှိလာကြောင်း အကူအညီပေးနေသည့် ပရဟိတ အသင်းများထံမှ သိရသည်။ 

ကယား(ကရင်နီ)ပြည်နယ်တွင် Covid-19 ပိုးတွေ့ရှိသူများမှာ ဇူလိုင်လ (၁၇)ရက်နေ့ ညပိုင်းအထိ လွိုင်ကော်မြို့တွင်  ( ၁၄၀)ဦး၊ ဖရူဆိုမြို့တွင် ( ၅) ဦး၊ ဘောလခဲမြို့တွင် ( ၁၁ )ဦး၊ ဖားဆောင်းမြို့တွင်( ၁)ဦး တို့ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ပိုးတွေ့ရှိသူ (၁၅၇)ဦးထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၅)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency