မိုင်းတုံမြို့နယ်အတွင်း ပါချီးတွင် ထိုင်းဘက်က ဝင်ရောက်လာသည့် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး လဝကအက်ဖြင့် အမှုဖွင့်

မိုင်းတုံမြို့နယ်အတွင်း ပါချီးတွင် ထိုင်းဘက်က ဝင်ရောက်လာသည့် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး လဝကအက်ဖြင့် အမှုဖွင့်

ထိုင်းနိုင်ငံနှင့်နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း ပုံပါကျင်တွင် ထိုင်းနိုင်ငံဘက်မှ တရားမဝင် ဝင်လာသည့် မြန်မာအမျိုးသား (၁) ဦးကို အာဏာသိမ်းစစ်ကောင်စီ၏ ပါချီးတပ်စခန်းမှ တပ်ဖွဲ့က ၂၀၂၁ ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့တွင် ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ကို အပ်နှံသည်ဟု သိရသည်။

နယ်စပ်ဖြတ်ဝင်လာသည့် အသက်(၃၅)နှစ်အရွယ် ပါဆေ့ဆိုသူမှာ မိုင်းတုံမြို့နယ် နားဖယောင်ကျေးရွာတွင် နေသူဖြစ်ပြီး တဖက်ထိုင်းနိုင်ငံရှိ ဆွေမျိုးများထံမှ ပြန်လာခြင်းဖြစ်ကြောင်း သိရပြီး  ၎င်းအား ပုံပါကျင်နယ်မြေရဲစခန်းတွင် (ပ)၆/၂၀၂၁၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ(လတ်တလောပြဌာန်းချက်များ)လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဖမ်းဆီးရမိသူကို ပုံပါကျင်တွင် COVID 19 စစ်ဆေးရာတွင် ပိုးမတွေ့ရကြောင်း သိရသည်။

 

မိုင်းတုံမြို့နယ်အတွင်း ပါချီးနယ်စပ်မှနေ၍ နှစ်နိုင်ငံနယ်စပ်ကို တရားမဝင်ဖြတ်သန်းဝင်လာ၍ "ဝ"တပ်ဖွဲ့က ဖမ်းဆီးမိသူ (၇) ဦးမှ (၂) ဦးတွင် COVID 19 ကူးစက်ခံထားရသည်ကို ဇူလိုင်လ (၁၄) ရက်နေ့က စစ်ဆေးတွေ့ရှိထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ နယ်စပ်ဝင်ပေါက်မှ တရားမဝင် ဖြတ်သန်းမှုများ ယခင်ကတည်းက ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း အရေအတွက်ပိုများလာသည်ဟု ဒေသခံများထံမှ သိရသည်။