Covid-19 တတိယလှိုင်း ကာလအတွင်း တာချီလိတ်မြို့တွင်း အိမ်သုံးမီတာများကို ဇူလိုင်မှစ၍ (၃)လအတွင်း တစ်ယူနစ်လျှင် (၀.၃၅)ဘတ် လျှော့ချ ကောက်ခံမည်

Covid-19 တတိယလှိုင်း ကာလအတွင်း တာချီလိတ်မြို့တွင်း အိမ်သုံးမီတာများကို ဇူလိုင်မှစ၍ (၃)လအတွင်း တစ်ယူနစ်လျှင် (၀.၃၅)ဘတ် လျှော့ချ ကောက်ခံမည်
ဇူလိုင် 17, 2021 | Covid-19| ရှမ်းရှေ့

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓါတ်အားကို ဝယ်ယူဖြန့်ဖြူးနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း အိမ်သုံးလျှပ်စစ်မီတာများ၏ ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ အသုံးပြုမီတာခများကို လက်ရှိမီတာခ၏အစွန်းထွက် တစ်ယူနစ်လျှင် (၀.၃၅)ဘတ် (၁၇.၅၇ ကျပ်)လျှော့ချကောက်ခံမည်ဟု မြို့မီးလင်းရေးကော်မတီက အသိပေးထားသည်။

တာချီလိတ်မြို့တွင် အိမ်သုံးလျှပ်စစ်မီတာများကို တစ်ယူနစ်လျှင် (၅.၃၅) ဘတ် ( ၂၈၆.၅၅ ကျပ်) ကောက်ခံနေရာမှ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် တစ်ယူနစ်လျှပ် (၅) ဘတ် (၂၅၀.၉၈ ကျပ်)ကောက်ခံသွားမည်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်။

မီတာခ (၃) လတာ လျှော့ချပေးခြင်းကို ထိုင်းလျှပ်စစ်မီးသုံးနေသည့် တစ်မြို့လုံးရှိ အိမ်သုံးမီတာများ ခံစားခွင့်ရမည်ဖြစ်သော်လည်း လုပ်ငန်းသုံး (ပါဝါမီတာ)များနှင့် ကိုယ်ပိုင် (ထရန်စဖော်မာ)များ မူလသတ်မှတ်နှုန်းထားအတိုင်း ဆက်လက်ပေးဆောင်ကြရမည်ဖြစ်သည်။

COVID 19 ကာလအတွင်း အိမ်သုံးမီတာများအား ဈေးလျှော့ချပေးခြင်းကို မြို့မီးလင်းရေးကော်မတီက COVID 19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်းကလည်း လုပ်ဆောင်ပေးခဲ့ပြီး ယင်းသို့မီတာခလျှော့ချပေးခြင်းကို လုပ်ငန်းသုံး (ပါဝါမီတာ)များနှင့် ကိုယ်ပိုင် (ထရန်စဖော်မာ) များနည်းတူ အိမ်ခန်းငှားပိုင်ရှင်၊ ဆိုင်ခန်းပိုင်ရှင်များ သတ်မှတ်ပေးသည့် မီတာခနှုန်းထားဖြင့်ပေးဆောင်နေရသည့် အိမ်ခန်းငှား၊ ဆိုင်ခန်းငှားများလည်း ခံစားခွင့်မရကြသည်ကို တွေ့ရသည်။

COVID 19 ကာလ လျှော့ချပေးသည့် မီတာခသက်သာခွင့်များကို ဩဂုတ်လတွင် စတင်ပေးဆောင်ရမည့် (ဇူလိုင်လအတွက်အသုံးပြု) မီတာခတွင် စတင်အကျုံးဝင်မည်ဖြစ်သည်။

လက်ရှိတွင် COVID 19 ကူးစက်မှုလျှော့ချရေးအတွက် မြို့မီးလင်းရေးရုံးနှင့် ရုံးခွဲတို့ကို ဇူလိုင်လ (၉) ရက်နေ့မှ (၁၉) ရက်နေ့အထိ ယာယီပိတ်ထားပြီး ဇူလိုင်လ (၂၀) မှစ၍ ရုံးပုံမှန်အတိုင်းပြန်ဖွင့်မည်ဟု သိရသည်။

တာချီလိတ်မြို့တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးအတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ကြားခံအဖြစ်ချိတ်ဆက်ပေးသည့် ထိုင်းအလူရာကုမ္ပဏီထံမှတစ်ဆင့် မြို့မီးလင်းရေးကော်မတီက ဝယ်ယူပြီး ပြည်သူလူထုကို တစ်ဆင့်ပြန်လည်ရောင်းချနေခြင်းဖြစ်သည်။

တာချီလိတ်တွင် မြို့မီးလင်းရေးကော်မတီကို စတင်ဖွဲ့စည်းစဉ်ကတည်းက ဗျူဟာမှူးကို နာယကအဖြစ်ထားကာ ခရိုင်အုပ်ချုပ်ရေးမှူးများက ဥက္ကဌအဖြစ် တာဝန်ယူခဲ့ကြရာမှ ပြည်သူ့အစိုးရ NLD  လက်ထက်တွင် ဖယ်ရှားလိုက်ပြီး မြို့မိမြို့ဖများက မီးလင်းရေးကော်မတီဥက္ကဌ နှင့် အလုပ်အမှုဆောင်များအဖြစ် စတင်လွှဲပြောင်းယူခဲ့ကြခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေကိုသာ ဒေသသုံးငွေအဖြစ် လည်ပတ်သုံးစွဲနေကြခြင်းဖြစ်ပြီး မီတာခကိုလည်း ဘတ်ငွေဖြင့် သတ်မှတ်ကောက်ခံနေခြင်းဖြစ်သည်။

( မီတာခနှုန်းထားအား ကျပ် (၁) သိန်းလျှင် ထိုင်းဘတ်ငွေ (၁၉၉၂.၂၀) ဘတ်ဖြင့် အခြေခံတွက်ထားခြင်းဖြစ်ပြီး ယနေ့ နယ်စပ်မြို့တာချီလိတ်၏ ဘတ်ငွေပေါက်ဈေးမှာ ကျပ် (၁)သိန်းလျှင် ထိုင်းဘတ်ငွေ (၁၉၀၀)ကျော်မှ (၂၀၀၀) ကျော်အထိရှိပါသည်။ )

#TachileikNewsAgency