ကျောက်မဲမြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦး ထပ်မံသေဆုံး

ကျောက်မဲမြို့တွင် Covid-19 အတည်ပြုလူနာ တစ်ဦး ထပ်မံသေဆုံး
ဇူလိုင် 13, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ယနေ့ ဇူလိုင်လ(၁၃)ရက်နေ့ နံနက်အစောပိုင်းထိ Covid-19 ပိုးတွေ့လူနာ (၁၉၆)ဦးအထိ တိုးလာပြီး ယနေ့နံနက်ပိုင်းက Covid-19 ပိုးတွေ့လူနာ အမျိုးသားတစ်ဦး ရုတ်တရက် ထပ်မံသေဆုံးသွားသည့်အတွက် မြို့နယ်အတွင်း ပိုးတွေ့လူနာသေဆုံးသူ ( ၅ )ဦး ရှိသွားနေကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားနှင့် ပတ်သက်၍ ဇူလိုင်လ ( ၆ )ရက်နေ့ နံနက်က အမှတ်(၈ )ရပ်ကွက် ထုံးဖိုရပ်ရှိ ဈေးရောင်းချသူ အမျိုးသမီးတစ်ဦး Covid-19 သံသယ လက္ခဏာများဖြင့် ဖျားနာပြီး ပြည်သူ့ဆေးရုံသို့ လာရောက်စဉ် သေဆုံးသွားသည့် အတွက် သေဆုံးသူ အမျိုးသမီး၏ ခင်ပွန်း ဖြစ်သူကို RDT စနစ်ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ရာ ပိုးမတွေ့သော်လည်း PCR စနစ်ဖြင့် ထပ်မံစစ်ဆေးသည့်အခါ Covid-19 ပိုးတွေ့သည့်အတွက် ဇူလိုင် ( ၁၂ )ရက်တွင် ဆေးရုံ၌ ကုသခံရန်ပို့ဆောင်ထားခြင်းဖြစ်ကာ ဇူလိုင် ၁၃ ရက် မနက်ပိုင်း၌ ရုတ်တရက်လဲကျ သေဆုံးသွားခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ ကျောက်မဲမြို့နယ်နောင်ပိန်ကျေးရွာမှ Covid-19 ပိုးတွေ့လူနာ (၈၁)ဦးနှင့် ကျောက်မဲမြို့ပေါ် လူနေရပ်ကွက်များမှ Covid-19 ပိုးတွေ့လူနာ (၁၁၅)ဦးရှိသည့်အတွက် မြို့နယ်အတွင်း Covid-19 ပိုးတွေ့လူနာ စုစုပေါင်း ( ၁၉၆ )ဦးရှိထားပြီဖြစ်ကာ ပိုးတွေ့လူနာသေဆုံးသူ စုစုပေါင်း ( ၅ )ဦးရှိသွားပြီဖြစ်သည်။

ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံတွင် Covid-19 ပိုးတွေ့လူနာသီးသန့်ကုသဆောင်များကိုလဲ တိုးချဲ့ဖွင့်လှစ်ကုသပေးနေပြီး နောင်ပိန်တိုက်နယ်ဆေးရုံတွင် ကုသမှုခံနေရသူများလဲရှိကာ ရောဂါသက်သာ၍ ဆေးရုံများမှဆင်းသွားရသူ ဦးရေ ( ၄၀ )ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူနေရပ်ကွက်များအတွင်း အနံ့ပျောက်ဝေဒနာခံစားနေရပြီး နေအိမ်၌သာနေထိုင် ကုသနေရသူများ၊ Covid-19  သံသယလက္ခဏာဖြင့် သေဆုံးသွားသူများ၊ Covid-19 ပိုးရှိ မရှိ မစစ်ဆေးနိုင်ဘဲ အောက်ဆီဂျင်ပေးကာ ကုသနေရသည့် လူနာများလဲရှိနေပြီး သက်ဆိုင်ရာက Stay At Home အဖြစ် မကြေညာသေးသော်လည်း မြို့သူ မြို့သား အများစုမှာ မိမိတို့အစီအစဉ်ဖြင့် တတ်နိုင်သမျှ နေအိမ်များ၌သာနေထိုင်နေကြသည်ဟု သိရသည်။

#TachileikNewsAgency