ကျောက်မဲ မှ လားရှိုးသို့ ပြေးဆွဲသည့် ကုန်တင်ယာဉ်မောင်းများတွင် Covid-19 ကာကွယ်ဆေးထိုးထားသူများကိုသာ ပြေးဆွဲခွင့်ပြုမည်၊ ခရီးသည်တော့ တင်ဆောင်ခွင့် မပြု

ကျောက်မဲ မှ လားရှိုးသို့ ပြေးဆွဲသည့် ကုန်တင်ယာဉ်မောင်းများတွင် Covid-19 ကာကွယ်ဆေးထိုးထားသူများကိုသာ ပြေးဆွဲခွင့်ပြုမည်၊ ခရီးသည်တော့ တင်ဆောင်ခွင့် မပြု

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နှင့် လားရှိုးကြား ကုန်စည်ကူးသန်းနေသည့် ကုန်တင်ယာဉ်များကို COVID 19 ကာကွယ်ဆေးထိုးထားသည့် ယာဉ်မောင်းများကိုသာ မောင်းနှင် ပြေးဆွဲခွင့်ပြုရန်နှင့် မြို့ပေါ်ရှိ စားသောက်ဆိုင်များကိုလည်း ဇူလိုင်လ (၅) ရက်နေ့မှစ၍ ပါဆယ်စနစ်ဖြင့် ရောင်းချရန် မြို့နယ်ထွေအုပ်က အစည်းအဝေးဆုံးဖြတ်ချက်ချထားသည်ဟု ရသည်။ 

မနေ့ကထွေအုပ်မှာလုပ်တဲ့အစည်းအဝေးမှာ အဲဒီလိုပြောတာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ထွေအုပ်ကပြောတာပါ။ ကားတွေက ခရီးသည်မတင်ရပဲ ကုန်ပဲတင်ရမယ်။ ကားမောင်းသူက ကိုဗစ်ကာကွယ်ဆေး နှစ်ခါထိုးထားပြီးတဲ့သူ ဖြစ်ရမယ်လို့ပြောပါတယ်။ စာထုတ်တာတော့မဟုတ်ဘူး။ လူနည်းနည်းပဲတက်တဲ့ အစည်းအဝေးမှာပြောတာ

ဟု ကျောက်မဲဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့တွင် ဇွန်လ (၂၉)  ရက်နေ့အထိ COVID 19 ပိုးတွေ့သူ (၂၂) ဦးတွေ့ရပြီးနောက်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင် လုပ်ငန်းရှင်အချို့၊ လူမှုကူညီရေးအသင်း (၂) သင်းတို့ကို ခေါ်ယူဆွေးနွေးပြီး ယင်းသို့ဆုံးဖြတ်ခြင်းဖြစ်သည်ဟု သိရသည်။



ကျောက်မဲတွင် ဇွန်လ (၂၀) ရက်နေ့မှစ၍ (၂၉) ရက်နေ့အထိကာလအတွင်း အတည်ပြုလူနာ (၂၂) ဦးတွေ့ရသည့်အနက် COVID 19 ကာကွယ်ဆေး အကြိမ်ရေပြည့်အောင် ထိုးပြီးသူများလည်း ပါဝင်နေခြင်းဖြစ်သည်။