တာကော်တံတားဖြတ်၍ ရှမ်းအရှေ့သို့ လာမည့်သူများကို COVID 19 စစ်ပေးမည့် Test Kit ကုန်နေ၍ ခိုလမ်တွင် ကုန်တင်ကားများပိတ်မိနေပြီး ကာကွယ်ဆေးထိုးထားသူများလည်း ဖြတ်ခွင့်မရ ဖြစ်နေ

တာကော်တံတားဖြတ်၍ ရှမ်းအရှေ့သို့ လာမည့်သူများကို COVID 19 စစ်ပေးမည့် Test Kit ကုန်နေ၍ ခိုလမ်တွင် ကုန်တင်ကားများပိတ်မိနေပြီး ကာကွယ်ဆေးထိုးထားသူများလည်း ဖြတ်ခွင့်မရ ဖြစ်နေ
ဇူလိုင် 12, 2021 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားပြီး သံလွင်မြစ်ကူးတံတားဖြစ်သည့် တာကော်တံတားကိုဖြတ်၍ ရှမ်းအရှေ့သို့လာမည့်သူများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့တွင်  ခိုလမ်သို့ပြန်၍ COVID 19 စစ်ဆေးခိုင်းရာ ခိုလမ်ဆေးရုံကလည်း Test Kit ကုန်နေ၍ စစ်မပေးနိုင်ဖြစ်နေသည့်အပြင် ကာကွယ်ဆေးထိုးထားကြောင်း လက်မှတ်ပါသူလည်း ဖြတ်သန်းခွင့်မရ ဖြစ်နေကြောင်း သိရသည်။

 ခိုလမ်ကိုပြန်သွားပြီး နှာခေါင်းထိုးစစ်ခိုင်းတယ်။ ခိုလမ်ကလည်း မထိုးပေး(test kit ဖြစ်စစ်ဆေးခြင်း)ဘူး။ ကုန်ကားတွေကို တန်းစီလို့။ တစ်ချို့စစ်ရတယ်။ ပြီးတော့ ခိုလမ်ဆေးရုံကပြောတယ် စစ်တဲ့ဟာကုန်သွားပြီတဲ့။ နောက်နေ့စစ်ဖို့လည်း မသေချာဘူးပြောတယ်။ စစ်ပြီးတဲ့ကားတွေ ဖြတ်လို့ရတယ်။ မစစ်ရသေးတဲ့ကားတွေ တစ်ချို့လည်း လှည့်ပြန်ကြရတယ်။ မစစ်ရသေးတာ (၃၀) ကျော် (၄၀) လောက်ရှိတယ်။ ဒါတောင် တာကော်မှ ကျန်တဲ့ကားတွေ မပါသေးဘူး။ အိမ်စီးကားတွေလည်း တွေ့တယ်။ ကာကွယ်ဆေးထိုးပြီးသူတွေလည်း ပေးမဖြတ်ဘူး

ဟု ခိုလမ်တွင် COVID 19 စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

တာကော်ဂိတ်မှ ဖြတ်သန်းရာတွင် COVID 19 ကာကွယ်ဆေးထိုးထားသူများအပါအဝင် အားလုံးကို RDT test kit စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပြုမည်ဟု အာဏာသိမ်းအဖွဲ့၏ အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားချက်ထုတ်ထားသော်လည်း တာကော်တံတားတွင် COVID 19 စစ်ဆေးပေးရန် test kit မရှိဖြစ်နေပြီး အနီးရှိ ခိုလမ်ဆေးရုံတွင်လည်း test kit မလုံလောက်သဖြင့် စစ်ဆေးပေးနိုင်ခြင်းမရှိဖြစ်နေကြောင်း သိရသည်။

တာကော်တံတားတွင် test kit မစစ်ရသေးသူများအား အာဏာသိမ်းအဖွဲ့၏ စစ်တပ်က တားဆီးပြီး ခိုလမ်ဘက်ပြန်လှည့်ခိုင်းရာ ကားအစီးရေရာနှင့်ချီ၍ ခိုလမ်သို့ ပြန်လှည့်ကြရပြီး အချို့မှာ လာလမ်းအတိုင်းပြန်လှည့်သွားကြသည်ဟု သိရသည်။