ရှမ်းပြည်နယ်တွင်းရှိ အခြေခံပညာကျောင်း (၆၂၀၀)၏ ကျောင်းဖွင့်ချိန်များကို ပြည်နယ်အစိုးရစီမံခွင့်ပြုရန် တင်ပြ ဆွေးနွေးထား

ရှမ်းပြည်နယ်တွင်းရှိ အခြေခံပညာကျောင်း (၆၂၀၀)၏ ကျောင်းဖွင့်ချိန်များကို ပြည်နယ်အစိုးရစီမံခွင့်ပြုရန် တင်ပြ ဆွေးနွေးထား
ဇွန် 16, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်းရှိ အခြေခံပညာကျောင်း (၆၂၀၀)၏ ကျောင်းဖွင့်ချိန်များကို ပြည်နယ်အစိုးရစီမံခွင့်ပြုရန် တင်ပြ ဆွေးနွေးထား

အခြေခံပညာအထက်တန်းအဆင့်များကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့၌တွင် စတင်ဖွင့်လှစ်နိုင်ရန်  ပြင်ဆင်နေရာ ရှမ်းပြည်နယ်တွင်းမှ ကျောင်းများကို ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် စီမံခွင့်ပြုရန် ပညာရေးဝန်ကြီးဌာနထံ တင်ပြဆွေးနွေးထားကြောင်း သိရသည်။

ကိုယ့်ဟာကိုယ်လုပ်ဆိုရင်တော့ ကျွန်တော်တို့က တစ်ပတ်ခြားဆိုတဲ့ဟာကို မနက်တစ်ပိုင်း၊ ညနေတစ်ပိုင်း ခွဲချင်တာပေါ့။ စာသင်ချိန်ကတော့ ကလေးတစ်ယောက်က စာသင်ချိန် ပုံမှန် (၇)ချိန်ရှိတယ်။ သင်ရိုးညွှန်းတမ်းကလည်း လျှော့မှရမယ်။ အခုကိုက စာသင်ချိန်က နှစ်လနောက်ကျနေပြီ။ သင်ရိုးညွှန်းတမ်း ဘယ်လောက်လျှော့သလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ စာသင်ချိန် (၅)နာရီဖြစ်ချင်ဖြစ်မယ်။ (၆)နာရီ ဖြစ်ချင်ဖြစ်မယ်။ သို့ပေမဲ့ ပုံမှန်အပတ်တိုင်းတက်ဖို့ ဆွေးနွေးတာပေါ့။ ဝန်ကြီးဌာနကတော့ ဒါကို လက်မခံဘူး လူနည်းလေလေ ရောဂါကာကွယ်မှု ထိရောက်မယ်လို့ ယူဆတာပေါ့နော်

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ စာသင်ခန်း၊ ဆရာဆရာမဦးရေကို မူတည်၍ စာသင်ခန်းတစ်ခုတွင် ကျောင်းသားဦးရေ (၂၀) အတွင်းရှိပါက ပုံမှန်တက်ကျောင်းများ၊ စာသင်ခန်းတစ်ခုတွင် ကျောင်းသားဦးရေ (၂၀)ကျော်မှ (၄၀)ဦးအတွင်းရှိပါက ကျောင်းသားတစ်ဝက်စီဖြင့် တစ်ပတ်ခြားတက်ကျောင်းများ၊ စာသင်ခန်းတစ်ခုတွင် ကျောင်းသားဦးရေ (၄၀) ကျော်မှ (၈၀)ဦးအတွင်းရှိသည့်ကျောင်းများကို ကျောင်းသားတစ်ဝက်စီဖြင့် တစ်ရက်နှစ်သုတ်ခွဲ၍ တစ်သုတ်စီက တစ်ပတ်ခြားစီ တက်ရန်နှင့် စာသင်ခန်းတစ်ခုတွင် ကျောင်းသားဦးရေ (၈၀) ကျော်မှ (၁၆၀) ဦးအတွင်းရှိပါက တစ်ပတ်လျှင် (၃)ရက်စီ နှစ်သုတ်ခွဲ၍ တက်ကြရန် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားခြင်းဖြစ်သည်။

ကျွန်တော်တို့ကို ရှမ်းပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ဖွင့်ပါဆိုရင် ကျွန်တော်တို့ကတော့ တစ်သုတ်တက်ကျောင်းကို နေ့တစ်ပိုင်းပဲ ဖြတ်လိုက်ချင်တယ်။ ဥပမာအားဖြင့် မနက် (၇)နာရီခွဲကနေ နေ့လယ် (၁၂)နာရီလောက်အထိ တက်မယ်။ ဒီကြားထဲမှာ မုန့်စားဆင်းချိန် (၁၅)မိနစ်လောက်တော့ ခြားပေးမယ်။ ကိုယ့်မုန့်ကိုယ်ယူလာ။ ကိုယ့်စားပွဲခုံမှာကိုယ်စား။ မုန့်ဈေးတန်းတော့ ဖွင့်ခွင့်မပေးဘူး။  နောက်တစ်ပိုင်းကတော့ ကျောင်းဝကနေ တစ်ခါပဲ ဝင်လာမယ်။ တစ်ခါပဲ ပြန်ထွက်မယ်။ အဲဒါဆိုရင်တော့ သိပ်မတိုးမဝှေ့ကြဘူးပေါ့နော်။ အလားတူပဲ တစ်ပတ်ခြားကျောင်းမှာလည်း နေ့တစ်ပိုင်းလုပ်လိုက်မယ်။  တတိယတစ်ခုဖြစ်တဲ့ တစ်ပတ်ခြား နှစ်သုတ်ပေါ့။ တစ်ပတ်ခြားနှစ်သုတ်မှာ ကျောင်းပေါင်း (၅၀၀)လောက်ရှိတဲ့အထဲမှာ ပထမတစ်ပတ်ကတော့ တစ်ပတ်ခြား နှစ်သုတ်ဖြစ်မယ်။ ဒုတိယပတ်ကတော့ မနက်ပိုင်း တစ်ပိုင်းတည်းပဲ ပြတ်နိုင်တယ်။ အဲဒီလိုဆိုရင် ဆရာ၊ ဆရာမတွေလည်း (စီမံခန့်ခွဲရတာ) management လုပ် နည်းနည်းလွယ်မယ်။ အဲဒီအထိကတော့ ဆွေးနွေးခဲ့တယ်။ နောက်ဆုံး ဝန်ကြီးဌာနကတော့ ဘယ်လိုဆုံးဖြတ်ပေးမလဲပေါ့။ အဲဒီ ဆုံးဖြတ်ပေးလာတဲ့အပေါ်မှာ ကျွန်တော်တို့က လိုက်ပြီးလုပ်ပေးရမှာပေါ့

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

ပညာရေးဝန်ကြီးဌာန သတ်မှတ်ချက်အရ ရှမ်းပြည်နယ်အတွင်း စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသားဦးရေ (၂၀)အတွင်း ရှိသည့် ပုံမှန်တက်ရမည့် ကျောင်းပေါင်း (၄,၀၀၀)၊ ကျောင်းသားဦးရေ (၂၀)ကျော်မှ ဦးရေ (၄၀)အတွင်း တစ်ပတ်ခြားတက်ရမည့် ကျောင်းပေါင်း (၁,၇၀၀)နှင့် ကျောင်းသားဦးရေ (၄၀)ကျော်မှ ဦးရေ (၈၀)အတွင်း တစ်ပတ်ခြား နှစ်သုတ်တက်ရမည့်ကျောင်းပေါင်း (၅၀၀) ဝန်းကျင်ရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ တာချီလိတ်၊ တောင်ကြီး၊ အေးသာယာ၊ လားရှိုးနှင့် မူဆယ်ရှိ ကျောင်းအချို့တွင် ကျောင်းသားဦးရေများပြားသဖြင့် ရောဂါကာကွယ်ရေး အစီအစဉ်များကို ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရ၏ အကူအညီ လိုအပ်နိုင်မည်ဟု လူမှုရေးဝန်ကြီးက ခန့်မှန်းထားသည်။

အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင် (၂၁)တွင် လည်းကောင်း၊ အလယ်တန်းအဆင့်ကို သြဂုတ်လတွင် လည်းကောင်းဖွင့်လှစ်ပြီးမှ မူလတန်းကို နောက်ဆုံးအသုတ်ဖွင့်မည်ဖြစ်ပြီး ကိုယ်ပိုင်ကျောင်းများလည်း အလားတူဖွင့်ရမည်ဖြစ်သည်။

အစိုးရကျောင်းများတွင် ကျောင်းသူကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်၊ ဗလာစာအုပ်၊ Mask နှင့် Face Shield များကို ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~