လွိုင်ကော်မြို့တွင် ဆရာဝန်၊ ပြည်နယ်ထွေအုပ်ဝန်ထမ်း၊  မြဝတီနှင့် အင်းလေးမှ ပြန်လာသူများ အပါအဝင် (၁၅) ဦးတွင် COVID 19 ပိုးတွေ့

လွိုင်ကော်မြို့တွင် ဆရာဝန်၊ ပြည်နယ်ထွေအုပ်ဝန်ထမ်း၊  မြဝတီနှင့် အင်းလေးမှ ပြန်လာသူများ အပါအဝင် (၁၅) ဦးတွင် COVID 19 ပိုးတွေ့
ဇူလိုင် 8, 2021 | Covid-19| ကယား

ကယား(ကရင်)ပြည်နယ် ၊ လွိုင်ကော်မြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့၏ စစ်ဆေးချက်အရ ဆရာဝန်၊ ပြည်နယ်ထွေအုပ်ဝန်ထမ်း၊ အင်းလေးမှ ပြန်လာသော မိသားစုနှင့် မြဝတီမှပြန်လာသူများ အပါအဝင် စုစုပေါင်း(၁၅) ဦးတွင် COVID -19 ပိုးစစ်ဆေးတွေ့ ရှိကြောင်း သိရသည်။ 

ဇူလိုင်လ (၄) ရက်နေ့တွင် အင်းလေးမှ လွိုင်ကော်သို့ ပြန်လာသည့် မိသားစုမှာ ဇူလိုင်လ (၆) ရက်နေ့မှစ၍ အနံ့ပျောက်သဖြင့် စစ်ဆေးရာမှ အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရခြင်းဖြစ်ပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၄) ဦးတို့ဖြစ်ကြောင်း သိရသည်။

ယနေ့အတည်ပြုလူနာများတွင် ဆရာဝန်အမျိုးသမီး (၁) ဦး၊ လွိုင်ကော်ရှိ ပြည်နယ်ထွေအုပ်ရုံးမှ အမျိုးသမီး (၁) ဦး၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှ အမျိုးသမီး (၁) ဦး ၊ ဒေါတမရပ်ကွက်တွင်နေထိုင်၍ သီရိမင်္ဂလာဈေး (တောင်ဈေး)တွင် ကြက်သားရောင်းသူ အမျိုးသမီး (၁) ဦးနှင့်  မြဝတီမြို့မှ ပြန်လာသော ဒေါဥခူရပ်ကွက်ရှိ အမျိုးသမီး (၂) ဦးတို့ထံတွင် COVID -19 ပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လွိုင်ကော်မြို့ နောင်ယားရပ်ကွက်တွင် ဇူလိုင်လ (၇) ရက်နေ့က အတည်ပြုလူနာတွေ့ထားသည့်  မူကထဆိုင်သို့သွားရောက်ခဲ့သည့် အမျိုးသမီး (၁)ဦး နှင့်  လောဓမ္မရပ်ကွက် တောင်ဈေးရှေ့တွင် ဇူလိုင်လ (၆) ရက်နေ့ညက သေဆုံးခဲ့သည့် အတည်ပြုလူနာ၏ မိသားစုဝင်အမျိုးသမီး (၁) ဦးတို့၌လည်း ယနေ့စစ်ဆေးမှုအတွင်း ပိုးတွေ့သည်ဟု သိရသည်။

လွိုင်ကော်မြို့တွင် ဇူလိုင်လ (၈) ရက်နေ့ တစ်ရက်တည်းစစ်ဆေးချက်အရ COVID -19 ပိုးတွေ့ရှိသူ (၁၅)ဦးတွေ့ရှိလာခြင်းမှာ လွိုင်ကော်မြို့တွင် တစ်နေ့တည်း ပိုးတွေ့ရှိမှုအရေအတွက် အများဆုံး စံချိန်တစ်ခု ဖြစ်ကြောင်း သိရသည်။ 

COVID -19 ပိုးတွေ့ရှိသည့် အတည်ပြုလူနာများအား လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး သီးခြားကုသဆောင်တွင် စောင့်ကြည့်ကုသပေးနေပြီး ဆက်စပ်သူများအား Quarantine ထားရှိနိုင်ရေး လုပ်ဆောင်နေသော်လည်း ဆက်စပ်သူ အားလုံးကို ရှာဖွေ နိုင်ရန်ခက်ခဲနေ​ကြောင်း လူမှုကူညီရေးအဖွဲ့များက ပြောသည်။ 

ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ထိ COVID -19 အတည်ပြုလူနာပေါင်း ( ၁၁၂)ဦး တွေ့ရှိခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် လွိုင်ကော်မြို့၌ ဇွန်လမှစ၍ ဇူလိုင်လ (၈) ရက်နေ့ထိ  COVID-19 အတည်ပြုလူနာတွေ့ရှိသူ  (၃၀)ဦး တွေ့ရှိပြီဖြစ်ပြီး သေဆုံးသူ (၁)ဦးရှိကြောင်း သိရသည်။

#TachileikNewsAgency