တာချီလိတ်မြို့ရှိ တရုတ်ဆေးဆိုင်တွင်  ကိုယ့်နည်းကိုယ့်ဟန်ဖြင့် Covd-19 စစ်ဆေးမှုများ လုပ်ဆောင်နေ၍ သွားရောက်စစ်ဆေးရာမှ တရုတ်နိုင်ငံသား (၁၁)ဦးတွင် Covid-19 ပိုးတွေ့ 

တာချီလိတ်မြို့ရှိ တရုတ်ဆေးဆိုင်တွင်  ကိုယ့်နည်းကိုယ့်ဟန်ဖြင့် Covd-19 စစ်ဆေးမှုများ လုပ်ဆောင်နေ၍ သွားရောက်စစ်ဆေးရာမှ တရုတ်နိုင်ငံသား (၁၁)ဦးတွင် Covid-19 ပိုးတွေ့ 
ဇူလိုင် 8, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ထွန်းလင်းရောင်သွားလမ်းရှိ တရုတ်ဆေးဆိုင်တွင် ကိုယ့်နည်းကိုယ်ဟန်ဖြင့်  အခကြေးငွေ ရယူပြီး Covid-19 စစ်ဆေးပေးနေကြောင်း သတင်းအရ သက်ဆိုင်ရာများမှ ယနေ့ ဇူလိုင်လ(၈)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က သွားရောက်စစ်ဆေး ခေါ်ယူပြီး ဆေးရုံဟောင်းတွင် (၁၆)ဦးကို စစ်ဆေးရာမှ (၁၁)ဦးတွင် ပိုးတွေ့ရကြောင်းသိရသည်။ 

သူတို့ဘာသာ ကြိတ်ပြီး စစ်ပေးနေကြတာ။ ကြိတ်စစ် ကြိတ်ကု လုပ်နေကြတဲ့သဘောရှိတယ်။ ဒီနေ့ သူတို့ကို အကုန်လုံး ဆေးရုံဟောင်းကို ခေါ်သွားပြီး စစ်လိုက်တာ (၁၁)ဦးမှာ ပိုးတွေ့တယ်။ အခုလို ခေါ်လာပြီး စစ်တာကို သူတို့က မကြိုက်တဲ့ ပုံစံမျိုးတောင် လုပ်နေသေးတယ်။ ဒီအတိုင်းဆိုရင် တရုတ်တွေထဲမှာ ဘယ်လောက်တောင် များနေမလဲမသိဘူး။

ဟု တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၈)ရက်နေ့ ညနေပိုင်းက ပြောသည်။

တရုတ်ဆေးဆိုင် သို့ Covid-19 စစ်ရန်အတွက် ရောက်ရှိနေသူ (၁၅)ဦး နှင့် ဆိုင်မှတာဝန်ရှိသူ(၁)ဦး အပါအဝင်  စုစုပေါင်း (၁၆)ဦးကို စစ်ဆေးရာမှ Covid-19 တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဲ့ဆိုင်မှာ စစ်ပေးနေတာတွေ တခါ ဖြတ်သွားတော့ လှမ်းမြင်သေးတယ်။ ကိုဗစ် စစ်တဲ့ Test Kit တွေ ချထားတာတွေ့တယ်။ အဲ့လိုဟာက အပြင်မှာလည်း ဝယ်လို့ရတဲ့ နည်းလမ်းတွေရှိနေတော့ အခုလိုမျိုး ဘယ်လောက်တောင် များနေမလဲဆိုတာ တွေးကြည့်ပါဦး

ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

လက်ရှိတွင် ပိုးတွေ့သည့် တရုတ်နိုင်ငံသား (၁၁)ဦးကို တရုတ်နိုင်ငံသား သီးသန့်နေထိုင်ကြသည့် ဟုန်ပန်းကွင်းတွင် ထားရှိကြောင်း သိရသည်။

 

Covid-19 စစ်ဆေးခြင်းနှင့် ပတ်သက်၍ စစ်ဆေးသည့်အခါတွင် ပိုးတွေ့သူကို ကုသရန် သတ်မှတ်ခြင်း၊ ပိုးတွေ့သူ တစ်ပတ်အတွင်း သွားလာခဲ့သည့် နေရာများကို Lockdown သတ်မှတ်ခြင်း၊ ထိတွေ့သူများကို ရှာဖွေပြီး စစ်ဆေးပေးခြင်း၊ အသွားအလာကန့်သတ်ခြင်းများ စသည်ဖြင့် လုပ်ဆောင်ရသည့်အတွက် အဓိက အားဖြင့် ကျန်းမာရေးဌာနကသာ စစ်ဆေးပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

 

ယနေ့ ဇူလိုင်လ(၈)ရက်နေ့တွင် နံနက်ပိုင်းကနေ ည(၆)နာရီအချိန်အထိ Covid-19 ပိုးတွေ့ရှိရသည့် အရေအတွက်မှာ စုစုပေါင်း (၃၅)ဦးရှိရာ တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလ (၁၁)ရက်အတွင်း စုစုပေါင်း (၂၂၄)ဦးအထိ ရှိနေကြောင်း သိရသည်။