ကျောက်မဲမြို့နယ်အတွင်း ကောင်းခါးကျေးရွာအနီးတွင် မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့ရာမှ တစ်ဦး သေဆုံး

ကျောက်မဲမြို့နယ်အတွင်း ကောင်းခါးကျေးရွာအနီးတွင် မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့ရာမှ တစ်ဦး သေဆုံး
ဇူလိုင် 8, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ကောင်းခါးကျေးရွာအနီး တောင်ယာသွားသည့် တောင်ကုန်း တစ်ခုတွင် ဇူလိုင်လ ( ၇ )ရက်နေ့က ကောင်းခါးကျေးရွာဒေသခံ အမျိုးသမီးကြီးနှစ်ဦး မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့ရာ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာများ ရရှိခဲ့သည်ဟု  သိရသည်။

ဇူလိုင်လ ( ၇ )ရက်နေ့ မွန်းလွဲပိုင်းက လွယ်အံ(တင်း)ကျေးရွာအုပ်စု၊ ကောင်းခါးကျေးရွာတွင် နေထိုင်ကြသော ဒေါ်အေးမိန်နှင့် ဒေါ်အေးပိန် ဆိုသူအမျိုးသမီး နှစ်ဦးသည် ကောင်းခါးကျေးရွာ၏ အနောက်ဘက်ရှိ တောင်ယာလုပ်ငန်းသို့ သွားရောက်ကြစဉ် တောင်ကုန်းတစ်ခုပေါ်သို့ အဖြတ် မိုင်းနင်းမိပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

မိုင်းပေါက်ကွဲမှုကြောင့် အသက်(၄၀)နှစ်ဝန်းကျင်ရှိ  ဒေါ်အေးပိန်သည် ဒဏ်ရာများပြင်းထန်စွာရရှိပြီး နေအိမ်သို့ပြန်အရောက်တွင် သေဆုံးသွားခဲ့ကာ အတူသွားသူ အသက်(၅၃)နှစ်ရှိ ဒေါ်အေးမိန်သည် ယာဘက်ခြေသလုံး၊ ပေါင်၊ တင်ပါးနှင့် ဝဲဘက် ပေါင် တို့တွင် ဒဏ်ရာများရရှိကာ ညနေပိုင်းတွင် ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကျောက်မဲမြို့နယ်၊ လွယ်အံ(တင်း) ကျေးရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကစတင်၍ SSPP/SSA ၊ TNLA အဖွဲ့နှင့် RCSS အဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲများ များပြားစွာ ဖြစ်ပွားခဲ့သည့်အတွက် ၎င်းဒေသတစ်ဝိုက်မှ ကျေးရွာများ အားလုံး ကျောက်မဲမြို့သို့ စစ်ဘေးတိမ်းရှောင်လာခဲ့ကြရကာ လက်ရှိအချိန်ထိ အားလုံး မပြန်နိုင်သေးပဲ တချို့တဝက်သာ အရဲစွန့်၍ နေရပ်ပြန်နေ နေကြခြင်းဖြစ်သည်။

#TachileikNewsAgency