အောင်လံမြို့ရှိ အထက(၂)မှ ဆရာမတစ်ဦး သေဆုံးမှုကို COVID 19 ဟု ယူဆ၍ ကျောင်းသားမိဘများ စိုးရိမ်နေ

အောင်လံမြို့ရှိ အထက(၂)မှ ဆရာမတစ်ဦး သေဆုံးမှုကို COVID 19 ဟု ယူဆ၍ ကျောင်းသားမိဘများ စိုးရိမ်နေ
ဇူလိုင် 8, 2021 | Covid-19

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦး သေဆုံးသွားပြီးနောက် ကျောင်းတွင် အခြားဖျားနာသူများရှိနေ၍  ကျောင်းတွင်း COVID 19 ကူးစက်မည်ကို မိဘများက စိုးရိမ်နေကြရကြောင်း သိရသည်။

ဆုံးသွားတဲ့ဆရာမက အပြင်ဆေးခန်းတွေမှာကုနေရင်း COVID 19 လက္ခဏာတွေတွေ့လို့ အောင်လံပြည်သူ့ဆေးရုံ လွှဲပေးပေမဲ့ မသွားဘဲ အိမ်မှာပဲကုရင်း ဆုံးသွားတယ်ဆိုတော့ ကိုဗစ်ဖြစ်လားဆိုပြီး စိုးရိမ်ကြတယ်။ ကျောင်းက အကြီးတန်းစာရေးတစ်ယောက်ရယ် အလယ်တန်းပြတစ်ယောက်ရယ် ကျောင်းက ကလေးတွေလည်း (၁၀) ယောက်ကျော်လောက် ဖျားနေကြတယ်လို့လည်း ကြားတယ်။ ကျောင်းမှာ ကိုဗစ်ကူးမှာကြောက်လို့ တော်တော်များများလည်း ကျောင်းမတက်ကြတော့ဘူး။ ဒါပေမဲ့ စစ်ကောင်စီခန့် ရပ်ကျေးက အိမ်ထိလိုက်ခေါ် ကျောင်းတက်ခိုင်းတာတွေလုပ်တော့ တစ်ချို့လည်း ကြောက်လို့ တက်ကြရတယ်

ဟု အောင်လံဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၇)ရက်နေ့က ပြောသည်။

အဆိုပါ ကျောင်းမှ အလယ်တန်းပြ ဆရာမတစ်ဦးမှာ ဇူလိုင်လ (၄) ရက်နေ့က သေဆုံးသွားသည့်အပြင် ကျောင်းဝန်ထမ်း၊ ဆရာမနှင့် ကျောင်းသူကျောင်းသားအချို့မှာ ဖျားခြင်း၊ အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုးခြင်းစသည့်လက္ခဏာများ ဖြစ်နေကြသဖြင့် ကျောင်းပိတ်ထားပေးရန် မြို့နယ်ပညာရေးမှူးထံ ကျောင်းသားမိဘများက တောင်းဆိုသော်လည်း ကျောင်းကိုဆက်ဖွင့်ထားကြောင်း သိရသည်။

အောင်လံမြို့တွင် လက်ရှိအချိန်ထိ အတည်ပြုလူနာ (၃၀) ဦးရှိနေကာ ရောဂါလက္ခဏာပြင်းထန်သူများကိုသာ ဆေးရုံတွင် ကုသပေးပြီး ကျန်လူနာများကို နေအိမ်တွင် အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။

အောင်လံမြို့ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်၊ အထက်တန်းပြ (၂) ဦး၊ အလယ်တန်းပြ (၁) ဦးနှင့် မူလတန်းပြ (၁) ဦး စုစုပေါင်း (၅)ဦးတို့မှာ CDM ပြုလုပ်မှုဖြင့် အာဏာသိမ်းစစ်ကောင်စီက ရာထူးမှထုတ်ပယ်လိုက်သဖြင့် လက်ရှိတွင် အလယ်တန်းပြဆရာတစ်ဦးကို တာဝန်ခံကျောင်းအုပ်အဖြစ်ထားရှိကာ ဆရာ၊ဆရာမ (၃၀) ကျော်ဖြင့် ကျောင်းဖွင့်နေခြင်းဖြစ်ကြောင်း သိရသည်။

အထက်တန်းကျောင်းတစ်ခုလုံးတွင် ကျောင်းသားကျောင်းသူ (၂၈၀) ကျော်ရှိသည့်အနက် COVID 19 ကြောက်သဖြင့် ထက်ဝက်ခန့်မှာ ကျောင်းမတက်တော့ကြောင်း သိရသည်။