ဘောလခဲမြို့ရှိ အထကကျောင်းတွင် ကျောင်းရှေ့လမ်းမကြီးကို ပိတ်ထားပြီး လမ်းကြားကနေဝင်ရောက်စေကာ ကျောင်းအပ် လက်ခံနေ

ဘောလခဲမြို့ရှိ အထကကျောင်းတွင် ကျောင်းရှေ့လမ်းမကြီးကို ပိတ်ထားပြီး လမ်းကြားကနေဝင်ရောက်စေကာ ကျောင်းအပ် လက်ခံနေ
ဇူလိုင် 6, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ် ၊ ဘောလခဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ(၅)ရက်နေ့ကစ၍ ကျောင်းရှေ့လမ်းမကြီးအား သွားလာခွင့်မပြုဘဲ ပိတ်ထားပြီး လမ်းကြားတစ်ခုမှသာ ဝင်ရောက်၍ ကျော​င်းအပ်နှံသူများ ရှိနေကြောင်း သိရသည်။ 

ဘောလခဲမြို့၏ အခြေခံပညာအထက်တန်းကျောင်းရှေ့ လမ်းမကြီးအား မြန်မာ့စီးပွားရေးဘဏ်ရှေ့ မှစ၍ ပိတ်ထားပြီး သွားလာခွင့်မပြုသလို စစ်ကောင်စီ တပ်သားများအား အစောင့်ချထားပြီး ကျောင်းအပ်လာသူများမှာ ဘောလုံးကွင်းနှင့် မြို့နယ်ပညာရေးမှူးရုံး ကြားရှိ လမ်းကြားလေး တစ်ခုမှ လာရောက်၍ကျောင်း အပ်နှံနေကြကြောင်း သိရသည်။ 

" ကျောင်းအပ်လက်ခံတယ်လည်း ပြောသေးတယ်။ ကျောင်းရှေ့လမ်းမကြီးကို ပိတ်ထားတုန်းပဲ။ ပေးမဖြတ်ဘူး ပိတ်ထားတာတော့ ကြာပြီ။ ဖြတ်တဲ့သူကို ပစ်မယ်လို့ ပြောထားတာပေါ့နော်။ မနေ့ကစပြီး အထကကျောင်းမှာ ကျောင်းအပ်လက်ခံနေတယ်။ စစ်သားတွေလည်း လုံခြုံရေးယူထားတာတွေ့တယ်။ အများစုက စစ်ထွက်တွေနေတဲ့ ရပ်ကွက်ဖက်က ကျောင်းသွား အပ်ကြတာတွေ့တယ်။ ဒီနေ့လည်း တစ်ချို့ သွားနေကြတာတွေ့တယ်။ လမ်းမကြီးက ပိတ်ထားတော့ လမ်းကြားလေးကနေဝင်ပြီး အပ်ကြတာတွေ့တယ်။" ဟု ဘောလခဲမြို့ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောသည်။

ဇူလိုင်လ (၅)ရက်နေ့မှစ၍ ဘောလခဲမြို့နယ် စစ်ကောင်စီ၏ စစ်ဗျူဟာ(အခြေချ)ဘောလခဲမှ  စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သူရသောင်းနိုင်စိုးမှ လာရောက်ကြည့်ရှု့၍  အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခဲ့ကြောင်းနှင့် ကျောင်းတွင် CCTV ကင်မရာများ တပ်ဆင်ရန် ညွှန်ကြားခဲ့ကြောင်း  စစ်ကောင်စီဖက်မှ သတင်းထုတ်ပြန်ခဲ့သည်။ 

ဇူလိုင်လ(၅)နေ့တွင် ဘောလခဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ကျောင်းအပ်လက်ခံခဲ့ပြီး မြို့တွင်းရှိ စစ်တပ်အငြိမ်းစား မိသားစုများ၏ သားသမီး အများစုသာ လာရောက် ကျောင်းအပ်နှံကြသလို ဇူလိုင်လ(၆)ရက်နေ့တွင်လည်း စစ်ကား(၆)စီးခန့်ဖြင့် စစ်ကောင်စီတပ်မိသားစု၏ သားသမီးများ လာရောက်ကာ ကျောင်းအပ်နှံခဲ့ကြကြောင်းသိရပြီး ဒေသခံမြို့နေလူထုမှ ကျောင်းအပ်နှံသူ အနည်းငယ်သာ ရှိကြောင်းသိရသည်။ 

"အခု လောလောဆယ်တော့ လမ်းမှာရော ကျောင်းနားမှာပါ စစ်သားတွေ စောင့်တယ်။ ခုလောလောဆယ်မှာ အထကကျောင်းပဲ ကျောင်းအပ် လက်ခံနေတာတွေ့တယ်။ တစ်ခြား ကျောင်းတွေပါ(၁၂)ရက်နေ့မှာ ဖွင့်ရမယ်လို့ ကြားတယ်။ အခု ဒီနေ့ဆို စစ်တပ်ထဲက သူတို့ သားသမီးတွေကို ကျောင်းကားနဲ့ ကျောင်းလာအပ်ကြတာတွေ့တယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူ အများစုရှိသည့် ဘောလခဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးကို ဇူလိုင်လ(၁၂)ရက်နေ့တွင် ဖွင့်လှစ်ရန်နှင့် ကျောင်းများတွင် စစ်တပ်မှလုံခြုံရေးယူပေးသွားမည်ဟု စစ်ကောင်စီဖက်မှ ပြောဆိုထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: we love bawlakhe