တရုတ်နယ်စပ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် TNLAတို့ တိုက်ပွဲပြင်းထန်

တရုတ်နယ်စပ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် TNLAတို့ တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် စစ်ကြောင်း(၅)ခုဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့က ‌တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ တပ်မ(၉၉)လက်အောက်ခံ (၄၂၁)၊ (၄၂၃)၊ (၅၇၇)စစ်ကြောင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့များဖြစ်သည့် ရှောင်ဟော်၊ လုံထန်၊ မြို့မ (၁၊၂၊၃)အဖွဲ့တို့သည် စစ်ကြောင်း(၅)ကြောင်းဖြင့်  TNLAရှိရာသို့ ထိုးစစ်ဆင်လာရာ နံနက်(၈)နာရီမှ ညနေ(၅)နာရီခွဲအထိ တရုတ်နယ်စပ်အနီး ခိုမုန်းကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။



ထို့နောက် စစ်ကောင်စီတပ်သည် ၎င်းတို့တပ်စွဲထားသည့် နမ့်ဖက်ကာ(၁၂၃)တပ်မှ တိုက်ပွဲဖြစ်ပွားရာ ခိုမုန်းကျေးရွာအနီးသို့ (၁၀၀)မမ လက်နက်ကြီးဖြင့် (၈)ကြိမ်ထက်မနည်း ပစ်ကူခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်များ TNLAတပ်ရှိရာသို့ ထိုးစစ်ဆင်နိုင်ခြင်းမရှိသဖြင့် လွယ်ကျယ်မှနေ၍ မူဆယ်မြို့နယ်၊ စယ်လန်ကျေးရွာအနီးရှိ ဘုရားတောင်သို့ လက်နက်ကြီးများဖြင့် အကြိမ် (၂၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်သောကြောင့် ဘုရားတောင်ရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်ခဲ့ရသည်ဟု သိရသည်။

ယမန်နေ့က လားရှိုးမြို့နယ်တွင် TNLA ရှိရာသို့ စစ်ကားများအသုံးပြုကာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ပူးပေါင်း ပြည်သူ့စစ်များနှင့် TNLA တို့ တစ်နေကုန် တိုက်ပွဲဖြစ်ခဲ့ကြောင်းလည်း သိရသည်။ 

TNLAနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ယခုလ သြဂုတ်လ (၂၈)ရက်နေ့အထိ တိုက်ပွဲ (၁၅)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency