စစ်ကောင်စီက အမှုရုပ်သိမ်းကာ ပြန်လွှတ်ပေးလိုက်သည့် ပထမအကြိမ် လူစာရင်းတွင် ရှမ်း(ရှေ့)က (၁)ဦးတည်းသာ ပါဝင်

စစ်ကောင်စီက အမှုရုပ်သိမ်းကာ ပြန်လွှတ်ပေးလိုက်သည့် ပထမအကြိမ် လူစာရင်းတွင် ရှမ်း(ရှေ့)က (၁)ဦးတည်းသာ ပါဝင်
ဇွန် 30, 2021 | ရှမ်းရှေ့

 အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံ့အာဏာသိမ်းကာလအတွင်း ဖမ်းဆီးထားသူများအား အမှုရုပ်သိမ်းကာ ပြန်လွှတ်ပေးသည့် (၂,၃၄၂)ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၁)ဦး သာ ပါဝင်ကြောင်း သိရသည်။

သူ့ကို သဘာဝဘေးနဲ့ ဖွင့်ထားတာ။ မိုင်းဆတ်မှာတော့ သူတစ်ဦးပဲရှိတယ်။ သူ့ကို အာမခံပေးထားတာ ခုတော့ အမှုရုတ်သိမ်းပေးလိုက်ပါပြီ

ဟု မိုင်းဆတ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဆတ်မြို့မှ ဒေါ်သက်သက်ဝင်း ဆိုသူသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့က ဖမ်းဆီးခံရသူဖြစ်သော်လည်း အပြင်တွင် အာမခံဖြင့် နေထိုင်ပြီး အမှု ရင်ဆိုင်နေရသူဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံရသူများတွင် တာချီလိတ်မြို့က အနည်းဆုံး (၄၀)အထက်ရှိနေပြီး  ကျိုင်းတုံမြို့က (၃၀)ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။ 

တာချီလိတ်မြို့တွင် သံပုံးတီး၍ ဖမ်းခြင်း၊ Live လွှင့်၍ ဖမ်းခြင်း ဆန္ဒပြရာတွင် ပါဝင်ခြင်းတို့ကြောင့် မတရား ဖမ်းဆီးခံရသူများ ပါဝင်သလို ကျိုင်းတုံမြို့တွင်လည်း မတရားဖမ်းဆီးခံရသူများ အများအပြား ပါဝင်နေကြောင်း သိရသည်။

 

နိုင်ငံ့အာဏာကို သိမ်းလိုက်သည့် အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ(၁)ရက်နေ့  မှ ဇွန်လ(၂၀)ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်သူများကို ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ပုဒ်မ ၅၀၅-က နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြင့် အမှုဖွင့်ထားသည်များထဲက ပထမဆုံးအဖြစ် အမျိုးသား(၁,၈၈၂)ဦး နှင့် အမျိုးသမီး (၄၆၀)ဦး စုစုပေါင်း (၂,၃၄၂)ဦးကို လွှတ်ပေးလာခြင်း ဖြစ်ပြီး ဆက်လက်စိစစ်ကာ နောက်ထပ် (၂)ကြိမ် လွှတ်ပေးမည်ဟုလည်း သိရသည်။

ပြန်လွှတ်ပေးလိုက်သူများကို နောက်ထပ် ထပ်မံ၍ စစ်အာဏာရှင်ဆန့်ကျင်မှုများပြုလုပ်ပါက ပြင်းထန်စွာ အရေးယူမည်ဟု သတိပေးကာ ခံဝန်ဂတိလက်မှတ်ရေးထိုးပြီးမှ ပြန်လွှတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။