တာချီလိတ်မြို့ရှိ အထက(မိုင်းကိုး)က ကျောင်းသားတစ်ဦးချင်းစီ အလိုက် စာမေးပွဲကြေးများ နှင့် မီတာခများ ကောက်ခံ

တာချီလိတ်မြို့ရှိ အထက(မိုင်းကိုး)က ကျောင်းသားတစ်ဦးချင်းစီ အလိုက် စာမေးပွဲကြေးများ နှင့် မီတာခများ ကောက်ခံ
ဖေဖော်ဝါရီ 18, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း၊ မိုင်းကိုးကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း(မိုင်းကိုး)က စာမေးပွဲကြေး နှင့် မီတာခများကို ကျောင်းသားတစ်ဦးချင်းစီ ထိုင်းဘတ်ငွေ (၁၀)ဘတ် မှ (၂၀)ဘတ်အထိ ကောက်ခံနေကြောင်း ကျောင်းသားမိဘများက ပြောကြားလာသည်။

"အထက(မိုင်းကိုး)မှာ စာမေးပွဲကြေးတွေကို ဖြေဆိုတိုင်း ကျောင်းအုပ်ဆရာမကြီးက ကောက်ခံနေပါတယ်။ ဇူလိုင်လပတ် စာမေးပွဲအတွက် တစ်ဦးကို (၁၀)ဘတ်၊ အောက်တိုဘာလ ပထမနှစ်ဝက်ဆုံးစစ်ဆေးခြင်း စာမေးပွဲအတွက်လည်း တစ်ဦးကို (၁၀)ဘတ် ကောက်တယ်"ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျောင်းသားမိဘတစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ပြောသည်။

စာမေးပွဲကြေးများအပြင် မီတာခပါ ထပ်မံကောက်ခံသည်ဟုလည်းဆိုသည်။

"ဒီဇင်ဘာ လပတ်စာမေးပွဲမှာလည်း (၁၀)ဘတ်ကောက်တယ် ဖေဖော်ဝါရီလ ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲမှာတော့ တစ်ဦးကို (၂၀)ဘတ် ကောက်တယ်။ နောက်ပြီး စာသင်နှစ် တစ်ခုလုံးအတွက် ကျောင်းသားတိုင်း မီတာခဆိုပြီး တစ်ဦးကို (၁၀)ဘတ် ထပ်ကောက်တယ်။ အထက်က လူကြီးများအနေနဲ့ စစ်ဆေးဖြေရှင်ပေးစေချင်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။ 

တာချီလိတ်မြို့သည် မြန်မာ - ထိုင်းနယ်စပ်ဒေသမြို့ဖြစ်ပြီး အများအားဖြင့် ရာနှုန်းပြည့်မှာ ထိုင်းဘတ်ငွေကိုသာ အဓိက အသုံးပြုကျသည့် မြို့ဖြစ်သည့်အတွက် ထိုင်းဘတ်ငွေကိုသာ ကောက်ခံကြခြင်း ဖြစ်သည်။