တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်က GZ စာသားပါ စတေကာများ မှာယူ ရောင်းချပေးသည်ဟု ဆိုကာ အမျိုးသား (၂)ဦးကို ဖမ်းဆီးပြီး ၅၀၅-က ဖြင့် အမှုဖွင့်

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်က GZ စာသားပါ စတေကာများ မှာယူ ရောင်းချပေးသည်ဟု ဆိုကာ အမျိုးသား (၂)ဦးကို ဖမ်းဆီးပြီး ၅၀၅-က ဖြင့် အမှုဖွင့်
ဇွန် 29, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ရှိ 'အောင်'ဆိုင်ကယ်အရောင်းဆိုင်မှ အမျိုးသား (၂)ဦးကို စစ်အာဏာရှင်ကို ဆန့်ကျင်သည့် GZ စာတမ်းပါ စတေကာများအား ထိုင်းနိုင်ငံဘက်က မှာယူရောင်းချပေးသည်ဟု ဆိုကာ ဖမ်းဆီးပြီး ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ရဲနှင့်စစ်တပ်တို့ ပါဝင်သည့်အဖွဲ့က  တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ရှိ  'အောင်'ဆိုင်ကယ်အရောင်းဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးအောင်မြင့်ဦး(ခ)ရာဖစ် နှင့် အဆိုပါဆိုင်တွင် အလုပ် လုပ်ကိုင်သူ ဇော်ခန့်နိုင်(ခ)တွာဆင်းတို့ကို စစ်အာဏာရှင်ကို ဆန့်ကျင်သည့် GZ စာတမ်းပါ စတေကာများ ပြုလုပ်ပေးသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။

 

ဖမ်းဆီးခံရသည့် (၂)ဦးအား  စစ်ကြောရေးပြုလုပ်ပြီး စစ်ဆေးရာက ဆိုင်ရှင်ဖြစ်သူသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆိုင်ကယ်အပိုပစ္စည်းများ မှာယူစဉ် စတေကာများကို မှာယူပေး ပြန်လည်ရောင်းချပေးသည်ကို စစ်ဆေးပေါ်ပေါက်ကြောင်း သိရသည်။

ဆက်လက်၍ ဆိုင်ကယ်အရောင်းအလုပ်သမားအဖြစ် လုပ်ကိုင်သည့် ဇော်ခန့်နိုင်(ခ)တွာဆင်းအား ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ရာ ၎င်းသည် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ကစ၍ ဖေဖော်ဝါရီလ (၂၈)ရက်နေများအထိ (၃)ကြိမ်ဝန်းကျင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြောင်း၊ ဖုန်းထဲက Facebook ဖွင့်၍  စစ်ဆေးချက်အရ ဇွန်လ(၁၅)ရက်နေ့တွင် Facebook Group တစ်ခုတွင် ရေးသားမှုများ နှင့်  ဇွန်လ(၁၆)ရက်နေ့အထိ ကင်းမရွာမီးလောင်မှု သတင်းကို ပြန်မျှဝေ(Share)ပြီး ရေးသားမှု  စသည်များကိုလုပ်ဆောင်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ကြောင်း သိရသည်။

ယင်းအပြင် မတ်လ၏ ပထမပတ်အတွင်းက အဆိုပါ ဆိုင်သို့  လူငယ်(၂)ဦးမှ Wave-110 အပြာရောင်ဆိုင်ကယ်ဖြင့် GZ စာတမ်းပါ စတေကာများ လာရောက် မှာကြားကြောင်းလည်း စစ်ဆေးပေါ်ပေါက်သည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍  'အောင်'ဆိုင်ကယ်အရောင်းဆိုင်မှ ပိုင်ရှင်ဖြစ်သူ အသက်(၅၀)ဝန်းကျင်ရှိ ဦးအောင်မြင့်ဦး(ခ)ရာဖစ် နှင့် ဆိုင်ကယ်အရောင်းအလုပ်သမားအဖြစ် လုပ်ကိုင်သည့် အသက်(၁၈)နှစ်ဝန်းကျင်ရှိ ဇော်ခန့်နိုင်(ခ)တွာဆင်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၅၁/၂၀၂၁ ရာဇသတ်ကြီး ပုဒ်မ  ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။