ကျောက်မဲမြို့နယ်အတွင်း ကိုဗစ် ကာကွယ်ဆေးထိုးထားသည့် ခရိုင်ထွေအုပ်ဝန်ထမ်း အပါအဝင် (၁၅)ဦးတွင် Covid-19 ပိုးတွေ့

ကျောက်မဲမြို့နယ်အတွင်း ကိုဗစ် ကာကွယ်ဆေးထိုးထားသည့် ခရိုင်ထွေအုပ်ဝန်ထမ်း အပါအဝင် (၁၅)ဦးတွင် Covid-19 ပိုးတွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ COVID 19 ကာကွယ်ဆေးထိုးထားသည့် အမျိုးသမီးဝန်ထမ်းတစ်ဦး အပါအဝင် COVID 19 ကူးစက်ခံထားရသူ (၁၄) ဦးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့က စစ်ဆေးတွေ့ရသည်။

ကျောက်မဲမြို့ အမှတ် (၉) ရပ်ကွက်၊ တိလင်ရပ်၊ နယ်မြေ (၁၂)တွင် နေထိုင်သည့် ကျောက်မဲခရိုင်ထွေအုပ်ရုံးမှ အမျိုးသမီးဝန်ထမ်းသည် ရုံးတက်နေသူတစ်ဦးဖြစ်ပြီး ကျောက်မဲပြည်သူ့ဆေးရုံရှိ isolation ward သို့ ပို့ဆောင်ထားကာ ၎င်း၏ မိသားစုဝင်များနှင့် ရုံးမှ ထိစပ်သူ ဝန်ထမ်းများကိုလည်း သီးသန့်ထားရှိရန် စီစဉ်နေသည်ဟု သိရသည်။

ယနေ့ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာများတွင် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှ အနံ့ပျောက်နေသည့် မိသားစုတစ်စုဖြင့် ဆက်စပ်ထိတွေ့သူ (၁၄) ဦးပါဝင်သိရသည်။

ထို့ပြင် နောင်ချို၌ ဇွန်လ (၂၆) ရက်နေ့က သေဆုံးသွားသည့် COVID 19 အတည်ပြုလူနာ၏ လူနာစောင့် ကျောက်မဲမြို့ မန်ခဲကျေးရွာဒေသခံတစ်ဦးအပါအဝင် ဖျားနာ၊ အနံ့ပျောက်သူများရှိနေ၍ COVID 19 စစ်ဆေးရန် လုပ်ဆောင်နေကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း COVID 19 ပိုးတွေ့ရသူမှာ ဇွန်လ (၂၀) ရက်နေ့ညပိုင်းက စစ်တပ်ကပစ်ခတ်ဖမ်းဆီးကာ ထောင်ဒဏ် တစ်လစီ ချမှတ်လိုက်သူ အမျိုးသား (၂) ဦး၊ ၎င်းတို့နှင့်ထိစပ်သူ (၃) ဦး၊ ယနေ့ ခရိုင် ထွေ/အုပ်ဝန်ထမ်းတစ်ဦးနှင့် နောင်ပိန်ကျေးရွာမှ (၁၄)ဦးရှိသဖြင့် စုစုပေါင်း (၂၀)ဦးရှိလာပြီဖြစ်သည်။