တာချီလိတ်ခရိုင်အတွင်း Stay at Home ဒေသများမှ လာသူများနှင့် ပတ်သက်၍ COVID 19 ထိန်းချုပ်ကာကွယ်ရေး အစီအစဉ် မသတ်မှတ်ရသေး

တာချီလိတ်ခရိုင်အတွင်း Stay at Home ဒေသများမှ လာသူများနှင့် ပတ်သက်၍ COVID 19 ထိန်းချုပ်ကာကွယ်ရေး အစီအစဉ် မသတ်မှတ်ရသေး
ဇွန် 27, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း Stay at Home ဒေသများမှ လာသူများအား အသွားအလာကန့်သတ်ခြင်းအပါအဝင် COVID 19 ထိန်းချုပ်ကာကွယ်ရေးနှင့်ပတ်သက်၍  ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့အထိ သတ်မှတ်ချက်များ မရှိသေးကြောင်း သိရသည်။

တာချီလိတ်ကို တောင်ကြီးဘက် လမ်းကြောင်းကနေ လာမယ့်သူတွေကို တောင်ကြီးနဲ့ မိုင်းပျဉ်မှာ Test Kit နဲ့ စစ်တယ်။ အဲဒီမှာ လိုအပ်ရင် Quarantine ထားမှာဆိုတော့ ဒီဘက်ကိုလာတဲ့သူတွေက အဲဒီက အဖြေရပြီးမှ ဝင်လာသူတွေတော့ဖြစ်မှာပါ။ အခုထိတော့ Stay at Home လာသူတွေ Quarantine နေဖို့တော့ မသတ်မှတ်သေးဘူး။ ဘယ်လိုလာမယ်တော့ မသိသေးဘူး။

ဟု တာချီလိတ်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၇)ရက်နေ့တွင် ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့၌ ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကိုသာ လက်ခံပြီး  COVID 19 စစ်ဆေးခြင်း၊ လိုအပ်ပါက အသွားအလာကန့်သတ်ခြင်းတို့ကိုသာ လုပ်ဆောင်နေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးအတွက် မဇ္ဇျိမလူမှုကူညီရေးအသင်းအပါအဝင် လူမှုကူညီရေးအသင်းများနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး မြို့အဝင် မယ်ယန်းစစ်ဆေးရေးဂိတ် နှင့် တိုးဂိတ်အကြားတွင် COVID 19 စစ်ဆေးရေးဂိတ် ဖွင့်လှစ်စစ်ဆေးပေးနေသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် အဆိုပါဂိတ်အား ဖြုတ်သိမ်းလိုက်ခြင်းဖြစ်သည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ အာဏာသိမ်းအဖွဲ့က တာချီလိတ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား ဖမ်းဆီးနှိမ်နှင်းရေးကိုသာ တစိုက်မတ်မတ်လုပ်ဆောင်နေခြင်းဖြစ်သည်။