ဟိုပုံးမြို့နယ်အတွင်း CDM လုပ်၍ ထုတ်ပယ်ခံရသည့် ပညာရေးဝန်ထမ်းများကို အတိုးမဲ့ချေငွေ ပြန်မဆပ်ပါက တရားစွဲမည်ဟု ပညာရေးမှူးရုံးက ခြိမ်းခြောက်စာပို့

ဟိုပုံးမြို့နယ်အတွင်း CDM လုပ်၍ ထုတ်ပယ်ခံရသည့် ပညာရေးဝန်ထမ်းများကို အတိုးမဲ့ချေငွေ ပြန်မဆပ်ပါက တရားစွဲမည်ဟု ပညာရေးမှူးရုံးက ခြိမ်းခြောက်စာပို့

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် CDM လုပ်ဆောင်၍ ထုတ်ပယ်ခံလိုက်ရသည့် ပညာရေးဝန်ထမ်းများကို အတိုးမဲ့ ချေငွေများ ပြန်တောင်းနေပြီး မပေးပါက တရားစွဲမည်ဟု တစ်ဦးချင်းစီထံ စာထုတ်၍ ဟိုပုံးမြို့နယ်ပညာရေးမှူးရုံးက တစ်ဦးချင်းစိကို ခြိမ်းခြောက်စာပေးပို့မှုများ ရှိနေသည့်အပြင် ထုတ်ပယ်ခံရကြောင်းကိုပါ လက်မှတ်ထိုးပေးဖို့ ဖိအားပေးလာကြောင်းလည်း သိရသည်။ 

ချေးငွေပြန်လည်ပေးသွင်းရေး စာများကို ဟိုပုံးမြို့နယ်ပညာရေးမှူး ဦးမြင့်ဝေက လက်မှတ်ရေးထိုးကာ ၂၀၂၁ခုနှစ် ဇွန်လ(၁၆)ရက်နေ့ ရက်စွဲဖြင့် စာထုတ်ထားခြင်း ဖြစ်ပြီး ထုတ်ပယ်ခံရသူများကို ဇွန်လ(၂၅)ရက်နေ့အထိ လိုက်လံပေးပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်ပညာရေးမှူးရုံးက ရာထူးတာဝန်မှ ထုတ်ပယ်သည့် အမည်စာရင်းများကို CDM လုပ်ဆောင်ထားသည့် တစ်ဦးစီတိုင်းထံ အသိပေးထားခြင်းမရှိဘဲ CDM ပညာရေးဝန်ထမ်းများက သတင်းက ဖော်ပြမှ သာ သိရှိရသော်လည်း ယခုအခါမှာ ထုတ်ပယ်စာကိုလည်း လက်ခံရရှိကြောင်းကိုပါ လက်မှတ်ရေးထိုးခိုင်းကြောင်း သိရသည်။



CDM လုပ်ထားပြီး ထုတ်ပယ်ခံထားရတဲ့ ဆရာ၊ဆရာမတွေကို သက်ဆိုင်ရာကျောင်းတွေရဲ့ Non CDM သမားတွေနဲ့ စာလိုက်ပေးခိုင်းတယ်။ အရင် ထုတ်ပယ်စာထုတ်တုန်းက ရုံးစာပဲ မြင်ရပြီး အခုလို အိမ်အရောက် တစ်စောင်ချင်းစီ လိုက်ပေးတာမျိုးမရှိဘဲ  အခုကျမှ ဒီ ချေးငွေပြန်ပေးရေး စာနဲ့အတူ ထုတ်ပယ်စာရရှိကြောင်းပါ လက်မှတ်ထိုးပေးရမယ်ဆိုပြီး လုပ်နေကြတယ်။  ဆရာမတွေတော်တော်များများက မထိုးကြပါဘူး။ ဘယ်အကြောင်းကြားစာ ဖြစ်စေ၊ ပို့လည်း မထိုးဘူး၊ မပို့လည်း မထိုးကြဘူးလို့ ပြောနေကြတယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၆)ရက်နေ့တွင် ပြောသည်။

ပညာရေးမှူးရုံးမှ ဖိအားပေးမှုများ မည်သို့ လုပ်ဆောင်နေပါစေ CDM ကနေ ပျက်ပျယ်သွားမည် မဟုတ်ကြောင်း ဆရာမတစ်ဦးက ဆိုသည်။

'သူတို့လက်အောက်မှာ ဘာမှမလုပ်ချင်၊ ဘာမှ မနာခံချင်လို့ ဘာစာပဲထုတ်ထုတ် အရေးလည်းမစိုက်ဘူး ဂရုလည်းမစိုက်ဘူး၊ ချေးငွေလည်း ဆပ်ဖို့မလိုဘူးဆိုတာကိုလည်း NUG အစိုးရက တရားဝင်ကြေညာထားပြီးဖြစ်တဲ့အတွက် ဆပ်မှာမဟုတ်ဘူး။ CDM ကနေလည်း ပျက်ပျယ်သွားမှာမဟုတ်ဘူး။ အရေးတော်ပုံမှာ ကိုယ်တတ်နိုင်တဲ့ ဒီ CDM လုပ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တဲ့အတွက်  CDM ဆက်လုပ်နေမှာပါ

ဟု CDM လုပ်ဆောင်ထားသည့် ဆရာမတစ်ဦးက ပြောသည်။

ဟိုပုံးမြို့တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ CDM လုပ်ဆောင်သည့် ဆရာ၊ဆရာမ အရေအတွက်ပိုများပြီး ထုတ်ပယ်ခံလိုက်ရ ရာမှ နေရာများလစ်လပ်သွားသည့်အတွက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ Non CDM ဆရာ၊ဆရာမများမှာ အထက(၁)တွင် နေရာလုမှုများရှိနေကြောင်းလည်း သိရသည်။

CDM လုပ်ထားတဲ့ ဆရာ၊ဆရာမတွေရဲ့ နေရာကောင်းတွေကို Non CDM တွေက နေရာလုနေကြတာတွေရှိတယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်အချင်းချင်း မျက်နှာထောက်ပြီး CDM မလုပ်ရင်တောင်မှ အရေးတော်ပုံအောင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ကူပေးသင့်တာပေါ့။ အခုတော့ နေရာလုနေတာတွေနဲ့ ကြားလို့ မကောင်းဘူး။ မျက်နှာနာစရာတွေ ဖြစ်အောင် လုပ်နေကြတယ်

ဟု CDM ဆရာမတစ်ဦးက ပြောသည်။

ဟိုပုံးမြို့တွင် စစ်အာဏာရှင် လက်အောက်၌ လုပ်ငန်းတာဝန် မထမ်းဆောင်လို၍ CDM လုပ်ဆောင်လိုက်ကြသည့် ပညာရေးဝန်ထမ်း စုစုပေါင်း (၂၀၈) ဦးရှိရာတွင် (၂၀၄) ဦးကို အလုပ်မှ ထုတ်ပယ်ကြောင်း ၂၀၂၁ခုနှစ်  မေ ( ၂၈) ရက်က ရုံးစာထုတ်ထားသော်လည်း ထိုစဉ်က တစ်ဦးချင်းစီကို ယခုလို အသိပေးခြင်း မဟုတ်ကြောင်း သိရသည်။ 

CDM လုပ်ဆောင်သည့် ပညာရေးဝန်ထမ်းများကို ဖိအားပေးခြိမ်းခြောက်မှုများ အမျိုးမျိုးပြုလုပ်သည့်   မြို့နယ်ပညာရေးမှူးရုံးရှေ့တွင်   ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့ နံနက်ပိုင်းကလည်း ဗုံး(၂)လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။