ရှမ်းပြည်နယ်တွင်း ဘာသာရေးဆိုင်ရာ နေရာများကို COVID 19 ကာကွယ်ရေး အစီအစဉ်များဖြင့် ပြန်လည်ဖွင့်ခွင့်ပြု

ရှမ်းပြည်နယ်တွင်း ဘာသာရေးဆိုင်ရာ နေရာများကို COVID 19 ကာကွယ်ရေး အစီအစဉ်များဖြင့် ပြန်လည်ဖွင့်ခွင့်ပြု
ဇူလိုင် 24, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင်း ဘာသာရေးဆိုင်ရာ နေရာများကို COVID 19 ကာကွယ်ရေး အစီအစဉ်များဖြင့် ပြန်လည်ဖွင့်ခွင့်ပြု

ရှမ်းပြည်နယ်အတွင်း ဘာသာရေးဆိုင်ရာနေရာများတွင် လူစုလူဝေး မဖြစ်စေရေးအပါအဝင် COVID 19 ကာကွယ်ရေး အစီအစဉ်များအတိုင်း  ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ကစ၍  နေ့စဉ် နံနက် (၅) နာရီမှ ည (၇) နာရီအထိဖွင့်လှစ်ခွင့်ပေးလိုက်ပြီဖြစ်သည်။

ဘာသာ (၄) မျိုးစလုံးနဲ့ပတ်သက်တဲ့ ဘုရားတွေ၊ ဘာသာရေးအဆောက်အဦတွေကို မနက် (၅)နာရီကနေ ညနေ (၇)နာရီအထိ ဖွင့်ခွင့်ပေးထားပါပြီ။ ဒါက ဘာသာအားလုံးအတွက် လုံလောက်တဲ့ အချိန်တစ်ခုဖြစ်အောင်လည်း စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ခြွင်းချက်ရှိတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာဆောင်ရွက်ရန်အချက်များအတိုင်း လုပ်ဆောင်ရမယ်။ နောက်တစ်ခုကတော့ အခြေအနေအရ ပြည်သူ့ကျန်းမာရေးအတွက် လိုအပ်ရင် လိုအပ်တဲ့အချိန်မှာ ပြန်ပိတ်မှာပါ

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူစုလူဝေးပြုလုပ်ခြင်း၊  ပွဲလမ်းသဘင်၊ အခမ်းအနားပြုလုပ်ခြင်းများအပါအဝင် အများပြည်သူဆိုင်ရာ နေရာများကို COVID 19 ပျံ့နှံ့မှုထိန်းချုပ်ရေးအတွက် ကန့်သတ်ထားရာမှ ဘာသာရေးဆိုင်ရာနေရာများအား COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဘာသာရေးအသီးသီးမှ တာဝန်ရှိသူများ ဇူလိုင်လ (၂၁)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာလုပ်ဆောင်ရန်အချက်များကို အများမြင်သာအောင် လုပ်ပေးတာအပါအဝင် လိုအပ်တာတွေကို ဂေါပကတွေ၊ ဘာသာရေးအလိုက် ဘာသာရေးတာဝန်ရှိသူတွေက လုပ်ဆောင်ကြရမှာဖြစ်တယ်။ ဇူလိုင်လ (၂၁)ရက်နေ့က ဘာသာရေးခေါင်းဆောင်တွေ အကုန်လုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး ဘာတွေလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ ဆွေးနွေးထားပြီးဖြစ်ပါတယ်။ ကန့်သတ်ထားတာတွေ ကြာလာတော့ လူတွေလည်း မွန်းကြပ်လာကြပြီ။ ဒီတော့ သူတို့စိတ်သက်သာရာတစ်ခုခုအနေနဲ့ ကိုးကွယ်ရာ ဘာသာအလိုက် သွားလာဝတ်ပြုစရာတွေကို ဖွင့်ပေးဖို့ စဉ်းစားလိုက်တာပါ

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ပြောသည်။

ဘုရား၊ စေတီပုထိုးများအပါအဝင် ဘာသာရေးအဆောက်အဦများ၊ ဝတ်ပြုရာနေရာများကို အများပြည်သူအတွက် ပြန်လည်ဖွင့်လှစ်ရာ၌ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask)များ ထားရှိပေးခြင်း၊ လက်ဆေးဆပ်ပြာနှင့် လက်ဆေးကန်များ ထားရှိပေးခြင်း၊ တစ်ဦးနှင့် တစ်ဦး (၆)ပေအခွာမှ သွားလာ ဝင်ထွက် ဝတ်ပြုနိုင်ရန် စီစဉ်ပေးခြင်းနှင့် လိုအပ်ပါက ပိုးသတ်သန့်စင်စေရန် ဆေးဖြန်းပေးခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသည့် ဂေါပကအဖွဲ့များ၊ ဘာသာရေးအလိုက် တာဝန်ရှိသူများက တာဝန်ယူစီစဉ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ (၂၄)ရက်နေ့အထိ COVID 19 ကူးစက်ခံရသူ (၃၄၃)ဦးရှိနေပြီး ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေဆဲဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~