လွိုင်ကော်မြို့ပေါ် ရပ်ကွက်အတွင်း ဇွန်လ(၂၅)ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် အဆက်အပြတ်ပစ်ခတ်မှုကြောင့် နေအိမ်များ ထိမှန် ပျက်စီး

လွိုင်ကော်မြို့ပေါ် ရပ်ကွက်အတွင်း ဇွန်လ(၂၅)ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် အဆက်အပြတ်ပစ်ခတ်မှုကြောင့် နေအိမ်များ ထိမှန် ပျက်စီး
ဇွန် 26, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ အခြေစိုက် တပ်ရင်းများမှ ဇွန်လ (၂၅)ရက်နေ့ ညပိုင်းက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စစ်တပ်အနီးရှိ ရပ်ကွက်များထဲမှ နေအိမ်များနှင့် နေအိမ်များအနီး လက်နက်ကြီးများ ကျရောက် ထိမှန်ခဲ့ကြောင်း သိရသည် ။ 

လွိုင်ကော်မြို့ပေါ် အခြေစိုက်သည့် လွိုင်ကော် - လောပိတ လမ်းမကြီးတစ်လျှောက်ရှိ စစ်ကောင်စီတပ်များက ဇွန်လ(၂၅)ရက်နေ့ ည (၉)နာရီကျော် အချိန်ခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စစ်တပ် အနီးရှိ ဧက (၅၀၀)ရပ်ကွက် နှင့် နမ့်ဘော်ဝမ် ရပ်ကွက်ရှိ နေအိမ်အချို့နှင့် နေအိမ်ခြံစည်းရိုးများအနီး လက်နက်ကျည် ကျရောက် ထိမှန်ခဲ့ကြောင်း သိရသည်။ 

လွိုင်ကော်မြို့ ဧက(၅၀၀) ရပ်ကွက် ဘုန်းကြီးကျောင်း အနီးရှိ နေအိမ်တစ်ခုအား လက်နက်ကြီး ကျည် (၂) လုံးထိမှန်ခဲ့ပြီး နေအိမ်အတွင်း လူရှိမနေသောကြောင့် လူထိခိုက်မှုမရှိခဲ့ဘဲ နမ့်ဘော်ဝမ် ရပ်ကွက် အုပ်စု (၂) ဖက်တွင်လည်း နေအိမ်တစ်လုံး၏ အိမ်သာအနီး လက်နက်ကြီး ထိမှန်၍ လူထိခိုက်မှု မရှိဘဲ ရပ်ကွက်အတွင်း နေအိမ် ခြံစည်းရိုးများအနီး တွင်လည်း ကျည်ထိမှန်ခြင်း ကျရောက် ခြင်းများ ရှိခဲ့ကြောင်း သိရသည်။ 

ဧက (၅၀၀) မှာ လက်နက်ကြီး ထိတာပေါ့ ။ တစ်လုံးက အိမ်ထဲကို ထိတယ်။ တစ်လုံးက အိမ်သာကျင်းထဲ ကို ကျတယ်ပေါ့။ လူမရှိတော့ မထိခိုက်ဘူး။ အဲ့အိမ်ကတော့ အပျိုကြီး တစ်ယောက်တည်း နေတဲ့ အိမ်လို့သိရတယ်။ ကျွန်တော်တို့ ရပ်ကွက်ကျတော့ စစ်တပ်ရဲ့ အရှေ့မှာပဲ ရှိနေတော့ တစ်ခုခုဆို ဒီဖက်ပဲ ထိခိုက်တာများတယ်။ ဒီဖက် တကျောက စစ်တပ်တွေ တောက်လျှောက်ရှိတယ်။ ပစ်ပြီဆိုလည်း အကုန်လုံးပစ်တော့ ဘယ်ဖက်က ပစ်လိုက်ပြီး လာထိတာလည်း ပြောဖို့ခက်တယ်။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။ 

လွိုင်ကော် - လောပိတသွား လမ်းမကြီးတစ်လျှောက် အခြေစိုက်ထားသော  စစ်ကောင်စီ တပ်များအနီးတွင် လောဓမ္မရပ်ကွက် ၊ နမ့်ဘော်ဝမ် ရပ်ကွက် နှင့် ဧက (၅၀၀) ရပ်ကွက်တို့ရှိပြီး စစ်တပ်မှ အဆိုပါ ရပ်ကွက်များ အနီးတွင် ကင်းပုန်း ဝပ်သည့် ကျင်းများတူးထားပြီး ပစ်ခတ်မှုများပြုလုပ်လျှင် အနီးရှိ ရပ်ကွက် လမ်းမကြီးများ ထဲသို့ တစ်လမ်းပြီးတစ်လမ်း ရမ်းသမ်းပစ်ခတ်လေ့ရှိကြောင်း သိရသည်။ 

ကျွန်တော်တို့ တကျောက စစ်တပ်နဲ့နီးတော့ အိမ်ရှေ့မှာ လာပစ်နေသလိုကို ခံစားရတယ်။ ဒီနားက လူတွေအကုန်လုံး လိုလို ကုတင်အောက် မှာ ဝပ်နေရတယ်။ ဒီမနက်မှာတော့ ကျည်ထိတယ်လို့ ပြောလို့ရတာပေါ့။ နမ့်ဘော်ဝမ် မှာ အိမ်တစ်လုံး ခြံထဲက အိမ်သာကို ထိတယ်။ လူတော့ မထိခိုက်ဘူး။ နောက် တခြား အိမ်တွေဖက်မှာလည်း ကျည်တွေ ကျတာ ထိတာတွေရှိတယ်။ စစ်တပ်က ဒီရပ်ကွက်တွေထဲက လမ်းတွေကို တစ်လမ်းပြီး တစ်လမ်း ထွက်ပြီး ပစ်သွားတာမျိုးပါ။ သူတို့က တစ်ခါပစ်ရင် အဲ့ကျတဲ့နေရာမှာ တစ်လုံးပဲ မဟုတ်ဘူး သုံးလုံးလောက်ကို ကျတာ။ အဲ့တော့ တစ်ချို့အိမ်တွေ အစထိမှန်တယ်။ တစ်ချို့ ခြံစည်းရိုးနားကျတယ်။ အခြေနေကတော့ အဲ့လိုမျိုးပေါ့ ။ ပစ်ပြီဆိုရင် စစ်တပ်က ရပ်ကွက်ထဲကို ဦးတည်ပြီးတော့ကို ပစ်တော့တာပဲ။

ဟု  ဒေသခံ တစ်ဦးက  ပြောသည်။

ဇွန်လ (၂၅)ရက်နေ့ ည (၉)နာရီကျော် အချိန်ခန့်က လွိုင်ကော်မြို့ အခြေစိုက် စစ်ကောင်စီတပ်များအနီး   သေနတ်သံ (၂) ချက်စတင်ကြားရပြီး နောက်ပိုင်း စစ်တပ်ဖက်မှ လက်နက်ကြီးလက်နက်ငယ်များ အဆက်မပြတ် ပစ်ခဲ့သလို အပစ်အခတ် မဖြစ်မီ လေယာဥ်တစ်စီး ပျံတတ်သွားကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ ဇွန်လ (၂၆)ရက်နေ့ နံနက် (၇)နာရီကျော် အချိန်မှစ၍ လွိုင်ကော်မြို့ အခြေစိုက် စစ်တပ်များအနီးရှိ  နမ့်ဘော်ဝမ် နှင့် ဧက (၅၀၀) ရပ်ကွက်အကြား လမ်းမ တစ်လျှောက်တွင် အင်အား (၇၀)နီးပါး ခြေလျှင်လှည့်လည် နေကြောင်းသိရသည်။

စစ်ဘေးရှောင်ပြည်သူများကို ငဲ့ညာသည့် အနေဖြင့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KNDF)က ဇွန်လ (၁၅)ရက်နေ့မှစ၍  အကြမ်းဖက် စစ်ကောင်စီ တပ်တို့ နှင့် ယာယီအပစ်ရပ် ထားခဲ့သော်လည်း စစ်ကောင်စီဖက်မှ စစ်အင်အားတိုးချဲ့ခြင်း ကျေးရွာများတွင် တပ်စွဲခြင်း၊ စစ်ရှောင်စခန်းများထိ လိုက်လံ တပ်စွဲခြင်းအပြင် ပစ်ခတ်မှုများပါ ပြုလုပ်လျှက်ရှိနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ