တာချီလိတ်မြို့တွင်း ပြည်သူပိုင်လမ်းကို ရဲရုံးလုံခြုံရေးအတွက် နေ့ရောညပါ ပိတ်ထား၍ ရှောင်ကွင်းသွားလာနေရသည့် လမ်းမှာ ပြုပြင်မှု မရှိခြင်းကြောင့် သွားလာရ ခက်ခဲနေ

တာချီလိတ်မြို့တွင်း ပြည်သူပိုင်လမ်းကို ရဲရုံးလုံခြုံရေးအတွက် နေ့ရောညပါ ပိတ်ထား၍ ရှောင်ကွင်းသွားလာနေရသည့် လမ်းမှာ ပြုပြင်မှု မရှိခြင်းကြောင့် သွားလာရ ခက်ခဲနေ
ဇွန် 17, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အပိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို ပိတ်ထား၍ ရှောင်ကွင်းသွားနေရသည့် လမ်းပိုင်းမှာ မိုးရွာသွန်းထားမှုများကြောင့် လမ်းပိုင်း ပျက်စီးနေသည့်အတွက် သွားလာရ အဆင်မပြေများ ဖြစ်ပေါ်နေလျှက်ရှိကြောင်း သိရသည်။ 

"ခရိုင်ရဲရုံးရှေ့က လမ်းကိုလည်း အရင်က ညပဲ ပိတ်တာ အခုက နေ့ရောညပါ ပိတ်ထားလိုက်တော့ ဒီလမ်းကနေပဲ သွားနေရတယ်။ လမ်းကြားဆိုတော့ ညနေပိုင်းဆို ယာဉ်တွေများတယ်။ လမ်းက ကျဉ်းတဲ့အပြင် ခုက လမ်းက ပျက်နေတော့ ဆိုင်ကယ်မောင်းတာတောင် အဆင်မပြေဘူးဖြစ်နေတယ်"ဟု ရန်အောင်မြေရပ်ကွက်နေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ ပြည်သူပိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းပိုင်းကို ခရိုင်ရဲရုံးလုံခြုံရေးအတွက် နေ့ရောညပါ ပိတ်ထားလိုက်ခြင်းကြောင့် တာချီလိတ်နေပြည်သူများမှာ ရှောင်ကွင်းလမ်းကနေသာ သွားလာနေရပြီး ရှောင်ကွင်းလမ်းကနေ သွားလာနေရသည့် လမ်းမှာလည်း မိုးများရွာသွန်းမှုကြောင့် လမ်းပိုင်း ပျက်စီးယိုယွင်းနေသည်ကို ယနေ့ ဇွန်လ(၁၇)ရက်နေ့တွင် တွေ့ရသည်။

အဆိုပါ လမ်းသည် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအား ရှောင်ကွင်းသွားသည့် အိမ်တွင်းမှုလမ်း နှင့် တောင်ဇလပ် လမ်းပိုင်း၏ အခြေအနေဖြစ်သည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ၂၀၂၁ခုနှစ် ဇွန်လ(၉)ရက်နေ့ ညပိုင်းက ဗုံးခွဲပြီး ကျည်အတွဲလိုက်ပါ ပစ်ခတ်ခံရမှုကြောင့် အဆိုပါရုံးရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးကို နေ့ရောညပါ ပိတ်ထားလိုက်ခြင်း ဖြစ်သည်။

 

#TachileikNewsAgency