ကျောက်မဲမြို့တွင် နေအိမ်အတွင်းအထိ ဝင်ရောက်ပြီး အမျိုးသားတစ်ဦးကို အတင်းအဓမ္မ ဖမ်းဆီး‌ခေါ်ဆောင်သွား

ကျောက်မဲမြို့တွင် နေအိမ်အတွင်းအထိ ဝင်ရောက်ပြီး အမျိုးသားတစ်ဦးကို အတင်းအဓမ္မ ဖမ်းဆီး‌ခေါ်ဆောင်သွား
ဇွန် 20, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ဇွန်လ(၁၉)ရက်ညနက်ပိုင်းက အသက် (၅၀)ဝန်းကျင်ရှိ  အမျိုးသားတစ်ဦးအား အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားများက နေအိမ်အထိဝင်ရောက်ကာ မေးစရာရှိသည်ဟု ပြော၍ အတင်းအဓမ္မခေါ်ဆောင်သွားပြီး မြို့တွင်းရှိ အခြားလူနေအိမ်များကိုလဲ ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

ဇွန်လ(၁၉)ရက်နေ့ ည(၁၀)နာရီဝန်းကျင်က စစ်ကားရဲ ကား အများအပြားဖြင့် ကျောက်မဲမြို့ရှိ အမှတ် (၅)၊ (၆)၊ (၇)၊ (၈ )ရပ်ကွက်များရှိ လူနေအိမ်အချို့အား အတင်းဝင်ရောက် ရှာဖွေခြင်းဖြစ်ကာဝင်လမ်း ထွက်လမ်းမပတ်လည်များအား  စနစ်တကျ  ပိတ်၍ ရှာဖွေဖမ်းဆီးနေခြင်းဖြစ်သည်ဟု သိရသည်။

အမှတ် (၈)ရပ်ကွက် အလယ်ပိုင်းတွင်နေထိုင်သည့်  ကိုကျော်သိန်း ဆိုသူ၏ နေအိမ်ကိုလဲ အကြောင်းမဲ့ဝင်ရောက်ရှာဖွေ ကာ ၎င်း၏ မိသားစုဝင်များအရှေ့တွင် “ခဏလိုက်ခဲ့ စစ်မေးစရာရှိတယ်” ဟု ပြောဆို၍ အတင်းခေါ်ဆောင်ကာ စစ်ကားပေါ်သို့ ဆွဲတင်သွားခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် အမျိုးသားသည် ဆန္ဒထုတ်ဖေါ်ရာ၌ ပါဝင်ခြင်းမရှိဘဲ ရပ်ရေး ရွာရေး အလှူအတန်းကိစ္စများတွင်သာ ပါဝင်လုပ်ဆောင်တတ်သူဖြစ်သည်ဟု သိရသည်။

အခြားသော နေအိမ်များကိုလဲ ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး၎င်းတို့ ရှာဖွေနေသူများကို မတွေ့ ရှိပါက မိသားစုဝင်များကို ကြိမ်းမောင်းပြောဆိုခြင်းများပြုလုပ်ခဲ့ပြီး အမှတ် (၇)ရပ်ကွက်ရှိ နေအိမ်တစ်ခုကို ဝင်ရောက် ရှာဖွေရာ ကြောက်လန့်သဖြင့် ထွက်ပြေးသော အမျိုးသားတစ်ဦးကိုလဲ ဖမ်းဆီးမိသည့်အခါ ထိုးကြိတ် ကန်ကြောက်ခြင်းများ ပြုလုပ်၍ပြီး ထားခဲ့သည်ဟု သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဆန္ဒထုတ်ဖေါ်မှုများ၌ ပါဝင်သည်ဟု သံသယရှိသူများကို   ကျောက်မဲတွင် မေလအတွင်းက စတင်၍ စစ်တပ်နှင့် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးမှုများကို နေ့ဘက် အချိန်များအထိ တိုးမြှင့်လုပ်ဆောင်လျှက်ရှိနေသည့် အတွက် လူငယ် လူရွယ်များမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်း နေကြရကြောင်း သိရသည်။