အပစ်ရပ်ထားချိန်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရှောင်စခန်းများအထိ တပ်စွဲလာ

Photo: Free Burma Ranger-Karenni
Photo: Free Burma Ranger-Karenni
အပစ်ရပ်ထားချိန်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရှောင်စခန်းများအထိ တပ်စွဲလာ
ဇွန် 19, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း စစ်အာဏာရှင်တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များ(PDF)နှင့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ တပ်တို့ကြား တိုက်ပွဲရပ်နားထားသည့်ကာလအတွင်း အာဏာသိမ်းစစ်တပ်က အင်အားတိုးချဲ့နေရာ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းများရှိသည့်နေရာအထိ တိုးချဲ့တပ်စွဲထားပြီဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ထီးဖိုးကလိုးကျေးရွာအုပ်စုတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏တပ်များ ဇွန်လ (၁၇) ရက်နေ့ ညပိုင်းမှစ၍ အင်အားအများအပြားဖြင့် ဝင်လာကာ ကျေးရွာအတွင်း တပ်စွဲခဲ့သဖြင့် ဒီမော့ဆိုအရှေ့ဘက်ခြမ်းတလျှောက်ရှိ ကျေးရွာများမှ ဒေသခံများ စစ်ရှောင်စခန်းများသို့ အလျင်အမြန် ရွှေ့ပြောင်းခဲ့ကြရကြောင်း သိရသည်။ 

တခြားသွားလာလို့ လွယ်တဲ့သူတွေ ထပ်ရှောင်ရတာ လွယ်တာပေါ့။ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေကျ ထပ်ရွှေ့ဖို့ခက်တယ်။ သူတို့သတ်ရင်လည်း ငါတို့ အသေခံရုံပဲပေါ့။ ပြီးတော့ ထီးဖိုးကလိုးနားက စစ်ရှောင်တွေအတွက် အထိုင်ဆေးခန်းကိုလည်း သူတို့ နေရာဝင်ယူလိုက်တော့ ဆေးကုသဖို့ အခက်ခဲ ဖြစ်သွားပြီ။ အားလုံးက စိုးရိမ်ရတယ်။ အပစ်ရပ်ပြီးနောက်ပိုင်း ကျွန်တော်တို့ ဒီးမော့ဆို အရှေ့ ဘက်ခြမ်း ကယားရွာတွေကို အဓိက ဖိလာတယ်လို့ ကျွန်တော်တို့ ခံစားနေရတယ်။ တစ်ခြားတိုင်းပြည်နယ်ကသူတွေကို အသိပေးချင်တာက​တေ့ာ ဒီဘက်မှာ စစ်ရှောင်တွေ လည်း ပိုများလာတယ်။ ဒုက္ခတွေလည်း အရမ်းပိုများလာတယ်။ ဒါကြောင့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း ကို အာရုံစိုက်ပေးကြဖို့ အထူးတောင်းဆိုချင်ပါတယ်

ဟု ဒေသခံလူငယ်တစ်ဦး က တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။ 

ဒေသခံများတိမ်းရှောင်သွားစဉ် ထီးဖိုးကလိုးကျေးရွာအတွင်းမှ နေအိမ်များကို အာဏာသိမ်းစစ်ကောင်စီ၏တပ်များက ဇွန်လ (၁၉) ရက်နေ့တွင် ရောက်လာကာ ဝင်ရောက်မွှေနှောက်ရှာဖွေပြီး တန်ဖိုးရှိပစ္စည်းများ ခိုးယူသွားကြကြောင်း သိရသည်။ 

ယင်းအပြင် ထီးဖိုးကလိုးကျေးရွာအတွင်း တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ရွာအနီးရှိ စစ်ရှောင်စခန်းမှ ဒေသခံများကို ရေခပ်ခိုင်းခြင်း၊ ထမင်းချက်ခိုင်းခြင်းစသည့် အဓမ္မအလုပ်စေခိုင်းမှုများလည်း လုပ်နေကြသည်ဟု သိရသည်။ 

ကျွန်တော် ဆက်သွယ်ရသလောက်တော့ ဒီစစ်ရှောင်တွေနေရာအထိ ရောက်လာတယ်။ စစ်ရှောင်တွေတချို့ ရွာထဲ ပြန်ခိုင်းပြီး သူတို့က အဲဒီနေရာတွေကိုပါ နေရာဝင်ယူတဲ့သဘောပေါ့။ စစ်ရှောင်တွေအတွက် ဆေးခန်းကိုလည်း သူတို့ နေရာယူလိုက်တယ်။ မနေ့ညက အဲဒီမှာ ညအိပ်တယ်လို့ ပြောပါတယ်။ တစ်ချို့ အပစ်ရပ်လို့ အိမ်ပြန်နေကြတဲ့ ရွာတွေပါ အကုန်ပြန်ပြီး ရှောင်ပြေးနေကြရပါတယ်

ဟု စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။ 

စစ်အာဏာရှင်ကို တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များစုဖွဲ့ထားသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်တို့အကြား ဇွန်လ (၁၅) ရက်နေ့မှစ၍ ယာယီတိုက်ပွဲရပ်လိုက်ကြသော်လည်း ဇွန်လ (၁၇) ရက်နေ့မှစ၍ အာဏာသိမ်းစစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းသို့ အင်အားအများအပြားဖြင့် ဝင်လာကာ လှုပ်ရှားနေကြခြင်းဖြစ်သည်။ 

တိုက်ပွဲများ ယာယီရပ်နားလိုက်သောကြောင့် ကျေးရွာအတွင်း ပြန်ဝင်လာကြသည့် ဒေသခံများမှာလည်း အာဏာသိမ်းစစ်ကောင်စီတပ်များ ရွာတွင်းဝင်လာတပ်စွဲနေ၍ ဇွန်လ (၁၇) ရက်နေ့မှစကာ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။