(၁၂)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၁၀၃)ဦးရှိနေသည့် လားရှိုးမြို့တွင် ပါဆယ်စနစ်ဖြင့်သာ ပြန်လည် ရောင်းချရတော့မည်

(၁၂)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၁၀၃)ဦးရှိနေသည့် လားရှိုးမြို့တွင် ပါဆယ်စနစ်ဖြင့်သာ ပြန်လည် ရောင်းချရတော့မည်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဇွန်လ (၁၈)ရက်နေ့အထိ (၁၂)ရက်ဝန်းကျင်အတွင်း Covid-19 ပိုးတွေ့ရှိသူ စုစုပေါင်း (၁၀၃)ဦးရှိလာသည်အထိ ပိုးတွေ့နှုန်းများပြားလာသည့်အတွက် မြို့မဈေးကြီးရှိ ကုန်စိမ်းတန်း၊ ဘူတာဈေးအပြင် ဇွန်လ (၁၉)ရက်နေ့ကစ၍ မြို့ပေါ်ရှိစားသောက်ဆိုင်များ၌ ပါဆယ်စနစ်ဖြင့်သာ ပြန်လည် ရောင်းချခွင့်ပြုတော့မည်ဟု သိရသည်။

၂၀၂၁ ခုနှစ် ဇွန်လ (၇)ရက်နေ့က စတင်၍ လားရှိုးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ လူနာတစ်ဦးအား မန္တလေးသို့ ပြောင်းရွှေ့ကုသစဉ် အဆိုပါလူနာ၌ Covid-19 ပိုးတွေ့ရှိခဲ့ပြီးနောက်ပိုင်း ၎င်းနှင့်ဆက်စပ်သူများ၊ မြို့မဈေးရှိ ဈေးသည် အချို့နှင့် လက်ရှိတွင် လူတန်းစားအလွှာစုံ နေရာစုံမှ လူများ၌ Covid-19ပိုး တွေ့ရှိလာသည်မှာ ဇွန်လ (၁၈)ရက် တစ်ရက်တည်းတွင် (၁၇)ဦးရှိခဲ့ပြီး လားရှိုးတစ်မြို့တည်းတွင် စုစုပေါင်း (၁၀၃)ဦး ရှိလာခဲ့ခြင်း ဖြစ်သည်။

Covid-19 ပိုး တွေ့ရှိသူများတွင် လှည့်ပတ် ၍ဈေးရောင်းချသူများလဲ ပါဝင်နေပြီး ရောဂါပိုးတွေ့ရှိသူ အများစုသည် အနံ့ပျောက်ဝေဒနာဖြစ်ပေါ်လာမှ Covid-19 စစ်ဆေးခံရန် ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် Covid-19 ရောဂါပိုး ရှိမရှိ တို့ဖတ်ရယူစစ်ဆေးမှုများကို လားရှိုးရှိ စစ်ဆေးရုံက စစ်ဆေးအဖြေထုတ်ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။