ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဆုံဆို့နာရောဂါဖြစ်ပွားသူများမှာ ကာကွယ်ဆေးမထိုးသူနှင့် အကြိမ်ရေ မပြည့်သူများဖြစ်ကြောင်း တွေ့ရှိရ

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဆုံဆို့နာရောဂါဖြစ်ပွားသူများမှာ ကာကွယ်ဆေးမထိုးသူနှင့် အကြိမ်ရေ မပြည့်သူများဖြစ်ကြောင်း တွေ့ရှိရ
သြဂုတ် 24, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဆုံဆို့နာရောဂါဖြစ်ပွားသူများမှာ ကာကွယ်ဆေးမထိုးသူနှင့်  အကြိမ်ရေ မပြည့်သူများဖြစ်ကြောင်း တွေ့ရှိရ
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လအတွင်း  ကပ်ရောဂါအသွင် ဖြစ်လာသည့်  ဆုံဆို့နာရောဂါ ဖြစ်ပွားသူများတွင် နိုင်ငံတွင်း အခမဲ့ ထိုးနှံပေးနေသည့် ပုံမှန်ကာကွယ်ဆေးထိုး မထိုးနှံထားသူများ ဖြစ်သည်ကို စစ်ဆေးတွေ့ရကြောင်း သိရသည်။
“အခုတွေ့ရတဲ့သူတွေက ကာကွယ်ဆေး မထိုးထားတဲ့သူတွေများတယ်။  တစ်ချို့လည်း တစ်ကြိမ်ပဲထိုးထားပြီး အကြိမ်ရေ မပြည့်တာတွေ တွေ့ရတယ်။ “ဝ”အထူးဒေသဘက်က တွေ့ရတာ။ အသက်အရွယ်ဆိုရင် အငယ်ဆုံးက (၅)နှစ်ကနေ (၂၃)နှစ်အတွင်း တွေ့ရတယ်။”ဟု သြဂုတ်လ (၂၃)ရက်နေ့အထိ ရှမ်းအရှေ့တွင် ဆုံဆို့သံသယလူနာ စတုတ္ထအများဆုံးဖြစ်နေသည့် မိုင်းတုံမြို့မှ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် မွေးကင်းစမှစ၍ အသက်တစ်နှစ်ခွဲအထိ ကလေးများကို ကူးစက်မြန်  ဆုံဆို့နာရောဂါအပါအဝင် ရောဂါ (၁၀)မျိုးအတွက် ကာကွယ်ဆေး အခမဲ့ထိုးနှံတိုက်ကျွေးခြင်းကို  ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် သွားလာရခက်ခဲဒေသများအထိ  လိုက်လံထိုးနှံပေးနေသော်လည်း ပဋိပက္ခဖြစ်ပွားရာဒေသများတွင် မထိုးနှံနိုင်ခြင်းအပြင် နယ်စပ်ဒေသများတွင် နိုင်ငံတွင်းမှ ကာကွယ်ဆေးထိုးအစီအစဉ်ကို မရယူသူများရှိနေရာမှ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သည့် ရောဂါများ ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။
“အဓိက ကတော့ ဆုံဆို့ဆိုတာ ကာကွယ်လို့ရတဲ့ ရောဂါပဲ။ ဘာနဲ့ကာကွယ်လို့ရလဲဆိုတော့ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတယ်။ ကာကွယ်ဆေးနဲ့ကာကွယ်လို့ရတဲ့ ရောဂါမှန်သမျှ ကျွန်တော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ၁၉၇၇-၇၈ လောက်ကတည်းက ဖြည်းဖြည်းချင်းထည့်သွင်းထိုးနှံလာတာ။ ကျွန်တော်တို့ဆီမှာ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးက အဆင့်ဆင့် အရည်အသွေးစိစစ်ပြီး ဆေးတွေဖြစ်တယ်။ ကျွမ်းကျင် ဝန်ထမ်းတွေရှိတယ်။  ပြည်သူလူထုအနေနဲ့က ကာကွယ်ဆေးရဲ့ အကျိုးရလဒ်ကို သိပြီး အသုံးပြုဖို့လိုတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းအရှေ့တွင် ကူးစက်မြန် ဆုံဆို့နာရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှု အမြင့်ဆုံးဖြစ်နေသည့် တာချီလိတ်တွင် နေထိုင်သူအများစုက နိုင်ငံတွင်း ကာကွယ်ရေးအစီအစဉ်များတွင် ထိုးနှံခြင်းမရှိဘဲ တစ်ဖက်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံလေ့ရှိသည့် အလေ့အထများ ရှိနေခြင်းဖြစ်သည်။
“ကျွန်မတို့တွေတုန်းကလည်း ဒီဘက်မှာ ဆေးမထိုးဘူး။ ကျွန်မတို့ ကလေးတွေလည်း ဒီဘက်မှာ ကာကွယ်ဆေး မထိုးဘူး။ ယိုးဒယားဘက်ပဲ သွားထိုးတယ်။ ကိုယ်ဝန်ရှိကတည်းက ဟိုဘက်မှာပဲ သွားမွေးတာ။ ဆေးထိုးတာ။ ဆေးကတော့ ဘာဆေးလဲမသိဘူး။ ဘယ်နှစ်မျိုး ကာကွယ်လဲဆိုတာတွေတော့ မသိဘူး။ သူတို့က ဘယ်နေ့လာထိုးဆို သွားထိုးတာ။ အလကားတော့ မရဘူး။ ပိုက်ဆံပေးရတယ်။”ဟု တာချီလိတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကာကွယ်ဆေးထိုးအဖွဲ့များ ဝင်မရသည့် ဒေသအချို့ရှိသည့်  ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၉ ခုနှစ်က ဆုံဆို့နာရောဂါဖြစ်ပွားမှုအချို့ ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၌ ကပ်ရောဂါအသွင် ဖြစ်ပွားလာခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့ ညနေ (၄)နာရီအထိ တာချီလိတ်မြို့တွင် ရောဂါဖြစ်ပွားသူ (၄၁)ဦးအနက် (၆)ဦးသေဆုံး၊ မိုင်းခတ်တွင် ရောဂါဖြစ်ပွားသူ (၃၂)ဦးအနက် (၂)ဦးသေဆုံး၊ မိုင်းဆတ်တွင် ရောဂါဖြစ်ပွားသူ (၂၀)ဦးအနက် (၂)ဦး သေဆုံး၊ မိုင်းတုံတွင် ရောဂါဖြစ်ပွားသူ (၁၅)ဦး၊  မိုင်းဖြတ်တွင် ရောဂါဖြစ်ပွားသူ (၃)ဦးနှင့် ကျိုင်းတုံတွင် ရောဂါဖြစ်ပွားသူ (၁)ဦးတို့ကို တွေ့ရှိရခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~